အောက်တိုဘာ ၂၂ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
မိခင်နဲ့စကားပြောခွင့်ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်သားအငယ်ပြော၊ ရုရှားစစ်တပ်ကို မြန်မာလုပ်သားတွေရောက်လို့ အေဂျင်စီ ၃ ခု အမှုဖွင့်ခံရ၊ မြန်မာကနေ တရုတ်ကို မြေရှားကုန်ကြမ်းတင်ပို့မှုတန်ချိန်ထောင်ချီမြင့်တက်တဲ့သတင်းအပါအ၀င် အောက်တိုဘာလ ၂၂ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
အောက်တိုဘာ ၂၂ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာကို ပြန်ပို့ခံရမယ့်လူတွေ မြန်မာပြည်ပြန်ရောက်ရင် ဖိနှိပ်ညှဉ်းပန်းခံရနိုင်တာ၊ အသက်အန္တရာယ်ရှိနိုင်တာကို မြင်တွေ့ရမယ်ဆိုရင် ဒီလူတွေကို မလေးရှားအစိုးရက ပြန်ပို့မှာမဟုတ်ဘူးလို့ မလေးရှားပြည်ထဲရေးဝန်ကြီး ဆိုင်ဖူဒင် နက်ဆူရှင် အစ္စမေလ်က ပြောပါတယ်။
မလေးရှားလွှတ်တော်အမတ် ဂျင်မီ ပ၀ေးဆေးရဲ့မေးခွန်းကို ၀န်ကြီးက ပြန်လည်ဖြေကြားချိန် အခုလိုပြောခဲ့တာလို့ The Straits Times သတင်းက ရေးပါတယ်။
လွှတ်တော်အမတ်ကတော့ ရိုဟင်ဂျာ အယောက် ၅,၀၀၀ ကို ပြန်ပို့မယ့်အစီအစဉ် ဘယ်အဆင့်ရောက်နေပြီလဲ၊ ဘယ်အချိန်မှာ ဘယ်လိုနည်းလမ်းတွေနဲ့ပြန်ပို့မလဲ၊ ပြန်ပို့တာကို လူသားချင်းစာနာမှုအရ စနစ်တကျဖြစ်အောင် ဘယ်လိုအာမခံမလဲလို့ မေးမြန်းခဲ့တာပါ။
မလေးရှားရောက် မြန်မာတွေကို ပြန်ပို့တဲ့လုပ်ငန်းစဉ်မှာ ဒီလူတွေရဲ့ဘေးကင်းလုံခြုံရေးနဲ့ လူ့အခွင့်အရေးကို ဦးစားပေးတယ်လို့ ၀န်ကြီးက ပြောသလို မြန်မာဘက်ကလည်း ပြန်ပို့ခံရသူတွေရဲ့လုံခြုံရေးကို အာမခံချက်ပေးတယ်လို့ဆိုပါတယ်။
မလေးရှားကတော့ ဥပဒေစိုးမိုးရေးနဲ့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စံနှုန်းတွေကို လိုက်နာမယ်လို့ ဝန်ကြီးက အောက်တိုဘာ ၂၁ ရက်နေ့မှာ လွှတ်တော်ကို စာနဲ့ပြန်ဖြေပါတယ်။
ပြန်ပို့မှုအဆင့်တိုင်းမှာ သေချာစောင့်ကြည့်သွားမှာဖြစ်ပြီး ပြန်ပို့ခံရသူတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတာမျိုး မရှိစေဘဲ ဘေးကင်းပြီး တာဝန်ယူမှု ရှိတဲ့နည်းလမ်းနဲ့ လုပ်ဆောင်မယ်လို့ ဆိုပါတယ်။
မလေးရှားရောက် ရိုဟင်ဂျာ ၅,၀၀၀ ကို ပြန်ခေါ်ဖို့ နေပြည်တော်နဲ့ဆွေးနွေးမယ်လို့ မလေးရှား၀န်ကြီးချုပ် အန်၀ါ အေဘရာဟင်ကိုယ်တိုင်က ပြောခဲ့ပါတယ်။
ဒါပေမဲ့ နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ အောက်တိုဘာ ၈ ရက် မလေးရှားခရီးစဉ်အပြီး ထုတ်ပြန်ချက်မှာတော့ နှစ်ဖက်စလုံးက ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို သုံးနှုန်းပြောကြားသွားတာမရှိပါဘူး။
အဲဒီအစား မြန်မာနိုင်ငံသားတွေကို စိစစ်ပြီး မလေးရှားကနေ ထပ်ခေါ်ရေး လုပ်သွားမယ်လို့ ဦးမင်းအောင်လှိုင်က ထုတ်ပြောခဲ့ပါတယ်။
မလေးရှားမှာရှိတဲ့ မြန်မာသံရုံးရဲ့ထုတ်ပြန်ချက်တွေအရ မလေးရှားရောက် ထိန်းသိမ်းရေးစခန်းတွေကနေ မြန်မာကို ပြန်ခေါ်ဖို့ စိစစ်ပြီးသူ စာရင်းတွေမှာ ရိုဟင်ဂျာမဟုတ်တဲ့ မြန်မာအပါအ၀င် တိုင်းရင်းသားတွေပဲ ပါ၀င်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့် ၃ လမ်းက မုန့်မျိုးစုံအရောင်းဆိုင် ဖွင့်ထားတဲ့အိမ်ကို ပစ္စည်းဝင်ရောက် ခိုးယူတဲ့သူတွေက အိမ်ရှင်လူငယ်အမျိုးသားကို ဓားနဲ့ထိုးသတ်တဲ့အမှုက ကျန်ရှိတဲ့ကျူးလွန်သူ ၂ ဦးကို အောက်တိုဘာလ ၂၂ ရက်၊ မွန်းလွဲပိုင်းမှာ ဖမ်းမိပြီဖြစ်တယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့ဆီကနေ သိရပါတယ်။
အဲဒီအမှုက ကျူးလွန်သူတစ်ယောက်ကို အခင်းဖြစ်ပြီးနောက် အောက်တိုဘာလ ၂၁ ရက်မှာ ဖမ်းမိခဲ့ပြီး ကျန်ရှိတဲ့ကျူးလွန်သူ ၂ ဦးကို ဒီနေ့မှာ တောင်ဒဂုံမြို့နယ်အတွင်း ဖမ်းမိခဲ့တာလို့ဆိုပါတယ်။
ပြစ်မှုကျူးလွန်သူလို့ ဆိုသူတွေဟာ တာမွေမြို့နယ်၊ ကြက်ဘဲဈေးက ပျံကျအလုပ်သမားတွေ ဖြစ်တယ်လို့သိရပြီး ကျူးလွန်သူတွေကို မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။
ဖြစ်စဉ်က အောက်တိုဘာလ ၂၁ ရက်၊ မနက်အစောပိုင်း ၁ နာရီကျော်လောက်က မုန့်မျိုးစုံအရောင်းဆိုင်ဖွင့်ထားတဲ့အိမ်ကို အိမ်နောက်ဖေး ပေါက်ကတဆင့် သံပန်းတွေကို ဖြတ်တောက် ဝင်ရောက်လာပြီး ပစ္စည်းခိုးယူဖို့ လုပ်နေချိန်မှာ အသက် ၂၄ နှစ်အရွယ် အိမ်ရှင်လူငယ်အမျိုးသားက တွေ့ရှိလို့ အော်လိုက်တဲ့အတွက် ဓားနဲ့ထိုးပြီး ထွက်ပြေးသွားတာ အမှုအကြောင်းသိသူက ပြောပါတယ်။
ဓားနဲ့အထိုးခံရတဲ့လူငယ်အမျိုးသားဟာ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့သလို အသက် ၆၀ ကျော်အရွယ် အဒေါ်ဖြစ်သူလည်း ဓားနဲ့အထိုးခံရတာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ စိုးရိမ်ရလူနာအဖြစ် ဆေးကုသမှု ခံယူနေရတယ်လို့ သိရှိရပါတယ်။
လက်ရှိမှာ ပြစ်မှုကျူးလွန်သူတွေကို မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် ထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Dr Khaing Khaing Soe
နေပြည်တော်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သားအငယ်ဖြစ်သူ ကင်မ် အဲရစ်တို့ ဒီနေ့ မွန်းလွဲပိုင်းမှာ မိနစ် ၂၀ ခန့် ဖုန်းနဲ့စကားပြောခဲ့တယ်လို့ နေပြည်တော်က သတင်းထုတ်လာပါတယ်။
ကင်မ်က လန်ဒန်မြို့က မြန်မာသံရုံးကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖုန်းကနေတဆင့် စကားပြောခဲ့တာလို့ ဆိုပါတယ်။
ထုတ်ပြန်ချက်အရ ဖုန်းပြောဆိုမှုဟာ မြန်မာစံတော်ချိန် ၂ နာရီ ၃၀ မိနစ်ကနေ ၂ နာရီ မိနစ် ၅၀ အတွင်း ပြုလုပ်ခဲ့တာလို့ နားလည်ရပါတယ်။
ကင်မ်အဲရစ်ကတော့ အခုဖုန်းပြောဆိုမှုဟာ ၅ နှစ်အတွင်းမှာ မိခင်ဖြစ်သူနဲ့ ပထမဆုံး ဖုန်းပြောဆိုနိုင်တာဖြစ်လို့ အလွန်၀မ်းသာရတယ်လို့ အစောပိုင်းမှာ လူမှုကွန်ရက်ကနေ ပြောပါတယ်။
မိခင်နဲ့ စကားပြောခွင့်ရတယ်ဆိုတဲ့အကြောင်း ကင်မ်က သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာ ရေးသားပြီးနောက်မှာပဲ နေပြည်တော်က သတင်းထုတ်တာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ကင်မ်အဲရစ်
မိခင်ဖြစ်သူနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ငါးနှစ်ကျော်ကြာပြီးနောက် ပထမဆုံးအကြိမ် စကားပြောခွင့်ရခဲ့တယ်လို့ သားဖြစ်သူ ကင်မ်အဲရစ်က ပြောပါတယ်။
မိခင်ရဲ့အသံကို ပြန်ကြားရတာ စကားလုံးတွေနဲ့ ဖော်ပြလို့မရလောက်အောင် အဓိပ္ပာယ်ရှိတယ်လို့ သူက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
'' မေမေ့အသံကို ပြန်ကြားရတာ ကျွန်တော့်အတွက် စကားလုံးတွေနဲ့ ဖော်ပြလို့မရလောက်အောင် အဓိပ္ပာယ်ရှိပါတယ်။''
ဒါပေမဲ့ တစ်ကြိမ် စကားပြောခွင့်ရတာဟာ မိသားစုနဲ့ ပုံမှန်ဆက်သွယ်ခွင့်ရတာ မဟုတ်သလို မိသားစုနဲ့ ဆက်သွယ်ခွင့်ရတာဟာလည်း လွတ်မြောက်ခြင်း မဟုတ်ဘူးလို့ သူက ဆိုပါတယ်။
အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်တယ်လို့လည်း သားဖြစ်သူက ပြောဆိုပြီး မိခင်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို သံတမန်ရေးအရ အသိအမှတ်ပြုမှုနဲ့ ပိတ်ဆို့အရေးယူမှု လျှော့ပေါ့ရေးအပါအဝင် နိုင်ငံရေးအပေးအယူတွေအတွက် အသုံးမချသင့်ကြောင်းနဲ့ ဗြိတိန်အစိုးရအပါအဝင်နေပြည်တော် နဲ့ ဆက်ဆံနေတဲ့ အစိုးရတွေကိုလည်း အခြေခံလူ့အခွင့်အရေးတွေကို အပေးအယူမလုပ်ဖို့ တိုက်တွန်းထားပါတယ်။
မိခင်ဖြစ်သူနဲ့ဘယ်နေရာမှာဘယ်လိုပုံစံနဲ့ စကားပြောဆိုခွင့်ရခဲ့တယ်ဆိုတာကိုတော့ ကင်မ်က အသေးစိတ်ထုတ်ပြောတာမရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, SHRF
ရှမ်း(အရှေ့ပိုင်း) တာချီလိတ်မြို့မြောက်ဘက်မှာရှိတဲ့ တရုတ်ပိုင်ခဲသတ္တုတွင်းကနေ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ စွန့်ပစ်ရေတွေ နမ့်တွန်ချောင်းထဲ စီးဝင်နေတာကြောင့် ဒေသခံတွေက ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို စိုးရိမ်နေရတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF)က အောက်တိုဘာ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။
သတ္တုတွင်းကြောင့် ချောင်းရေညစ်ညမ်းမှု၊ ငါးနဲ့ မွေးမြူရေးတိရစ္ဆာန်တွေ သေဆုံးမှုအပြင် ဒေသခံတွေမှာ အရေပြားရောဂါတွေ ဖြစ်ပွားတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ချောင်းရေသောက်ပြီး ကျွဲ၊ နွားနဲ့ ဝက်တွေ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုထားကြောင်း SHRF ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တာချီလိတ်မြို့ကနေ ၁၅ ကီလိုမီတာခန့်အကွာ မိုင်းကိုးကျေးရွာအုပ်စုမှာရှိတဲ့ စိန်နော်သတ္တုတူးဖော်ရေးကုမ္ပဏီရဲ့ ခဲသတ္တုတွင်းဟာ ၂၀၂၁ ခုနှစ်ကစပြီး လုပ်ကိုင်လာတာဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ဒေသခံတွေရဲ့ပြောဆိုချက်အရ ၂၀၂၆ ခုနှစ် ဇူလိုင်လမှာ စွန့်ပစ်ရေကန် ပြိုကျမှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် စွန့်ပစ်ရေတွေ ချောင်းထဲ စီးဝင်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
သတ္တုတွင်းက ထွက်တဲ့ စွန့်ပစ်ရေတွေမှာ ခဲနဲ့ အခြားအဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နိုင်ပြီး ရေ နမူနာတွေကို ဓာတ်ခွဲစစ်ဆေးထားတဲ့ရလဒ်တွေကိုတော့ အများပြည်သူသိရှိနိုင်အောင် ထုတ်ပြန်ထားတာ မတွေ့ရသေးဘူးလို့ SHRF က ထောက်ပြပါတယ်။
ကုမ္ပဏီရဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာလိုက်နာမှု လက်မှတ်အရ ရေ၊ လေနဲ့ ဆူညံသံဆိုင်ရာ သက်ရောက်မှုတွေကို ပုံမှန်စစ်ဆေးပြီး ရလဒ်တွေကို ထုတ်ပြန်ဖို့ သတ်မှတ်ထားပေမဲ့ အဲဒီလို စစ်ဆေးမှုတွေ ပြုလုပ်ထားခြင်းရှိ၊ မရှိ မသိရဘူးလို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒေသခံတွေရဲ့တိုင်ကြားချက်တွေကြောင့် ရှမ်းပြည်နယ်နဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေဟာ စက်တင်ဘာ ၂ ရက်မှာ သတ္တုတွင်းကို သွားရောက်စစ်ဆေးခဲ့ပေမဲ့ စွန့်ပစ်ရေပြဿနာနဲ့ ပတ်သက်တဲ့ တရားဝင် စစ်ဆေးတွေ့ရှိချက်တွေကို ထုတ်ပြန်ထားခြင်း မရှိသေးဘူးလို့ SHRF က ပြောပါတယ်။

ယူကရိန်းထောက်လှမ်းရေးအဖွဲ့တွေအတွက် လျှို့ဝှက်လုပ်ကိုင်ပေးနေတဲ့ ရုရှားအမျိုးသားနှစ်ဦးဟာ ရုရှားနိုင်ငံအတွင်းက စစ်ရေးပစ်မှတ်တွေနဲ့ စစ်ဘက်ဝန်ထမ်းတွေကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတွေမှာ သူတို့ပါဝင်ခဲ့တဲ့အတွေ့အကြုံတွေကို ရှားရှားပါးပါး ထုတ်ဖော်ပြောဆိုလာပါတယ်။
အဲဒီအမျိုးသားနှစ်ဦးထဲက တစ်ဦးကို အမည်ရင်းမဟုတ်တဲ့ အိုင်ဗန်လို့ ခေါ်ထားပါတယ်။ သူဟာ ရုရှားနိုင်ငံအတွင်းမှာ နေထိုင်ရင်း မဟာဗျူဟာအရ အရေးပါတဲ့ ဗုံးကြဲလေယာဉ်တွေနဲ့ လက်နက်ခဲယမ်းစက်ရုံတွေကို ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့စစ်ဆင်ရေးတွေမှာ ပါဝင်ကူညီခဲ့တယ်လို့ ဆိုပါတယ်။
သူဟာ ရုရှားနိုင်ငံအတွင်း လျှို့ဝှက်ဖျက်ဆီးရေးလုပ်ငန်းတွေ လုပ်ဆောင်နေသူတွေရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ ဘီဘီစီကမ္ဘာတလွှား မှတ်တမ်းရုပ်ရှင်မှာ ပါဝင်ထားပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ၀င်ဖတ်နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KNPC
နေပြည်တော်ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားရာကနေ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ဖို့အထိ ပြန်ပြောလာပြန်ပါတယ်။
နေပြည်တော်ဟာ ကရင်ပြည်နယ်အတွင်း လက်နက်နဲ့ လူအင်အားတောင့်တင်းတဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ကရင်အမျိုးသား ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ(KNPC) နဲ့ ဘားအံမြို့မှာ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်ခဲ့ပါတယ်။
စစ်တပ်နဲ့ KNU ကြားက နိုင်ငံရေးရပ်တည်ချက်တွေဟာ "ပြဒါးတစ်လမ်း၊ သံတစ်လမ်း" လို့ KNU က ပြောထားချိန်မှာ KNPC က ဘယ်လိုကြားခံဆောင်ရွက်သွားမလဲဆိုတာက စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။
ဆောင်းပါးအပြည့်အစုံကို ဒီလင်ခ့် မှာဖတ်နိုင်ပါပြီ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရန်ကုန်တိုင်းထဲက လှိုင်သာယာ၊ ရွှေပြည်သာနဲ့ မှော်ဘီတို့က အထည်ချုပ်စက်ရုံ ၆ ရုံက တရားဝင်ပိတ်သိမ်းဖို့ အကြောင်းကြားစာပေးပို့ထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS) ကနေ သိရပါတယ်။
အဲဒီထဲက စက်ရုံတစ်ရုံမှာ အယောက် ၅,၀၀၀ ဝန်းကျင်ရှိပြီး ကျန်တဲ့စက်ရုံတွေမှာတော့ လူဦးရေ ၁,၀၀၀ ဝန်းကျင်ရှိလို့ စုစုပေါင်း အလုပ်သမားဦးရေ တစ်သောင်းခန့်အလုပ်လက်မဲ့ ဖြစ်နိုင်တယ်လို့ MICS ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်က တွက်ချက်ပြပါတယ်။
“တချို့စက်ရုံတွေက အခုထဲက လူအင်အား လျော့နေပြီ။ ကျွန်တော်တို့ဘက်ကတော့ အလုပ်ထုတ် နစ်နာကြေးတွေ အပြည့်အဝရအောင် ၁ လကြိုပြီး အသိမပေးဘူးဆိုရင် Notice ကြေး တစ်လစာ ပေးဖို့တွေ၊ ဥပဒေနဲ့အညီဆောင်ရွက်ပေးဖို့လုပ်နေပါတယ်” လို့ သူက ပြောပါတယ်။
အဲဒီထဲက စက်ရုံအများစုဟာ အောက်တိုဘာလကုန်ပိုင်းမှာ ပိတ်သိမ်းဖို့ရှိနေပြီး အလုပ်သမား အခွင့်အရေးမဆုံးရှုံးအောင် အလုပ်သမားအဖွဲ့အစည်းဘက်က လိုက်ပါဆောင်ရွက်နေတဲ့အခြေအနေလို့ နားလည်ရပါတယ်။
ပြည်ပက အထည်အော်ဒါတွေ မရတော့တာကြောင့် စက်ရုံပိတ်သိမ်းတယ်လို့အကြောင်း ပြကြပေမဲ့ လျှပ်စစ်မီး မလုံလောက်တာ၊ သွင်းကုန်ကန့်သတ်တဲ့မူဝါဒကြောင့် ကုန်ကြမ်းမရတာအပါအဝင် မြန်မာကို နိုင်ငံတကာက အရေးယူပိတ်ဆို့မှုတွေကလည်း ပိတ်သိမ်းရတဲ့အကြောင်းအရင်းတွေလို့ သိရပါတယ်။
မြန်မာဟာ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ လုပ်သားစံနှုန်းတွေအပေါ် အကြိမ်ကြိမ် ပြင်းပြင်းထန်ထန်အခွင့်အရေးချိုးဖောက်တဲ့အခါ အရေးယူနိုင်ဖို့ကျင့်သုံးတဲ့ ပုဒ်မ ၃၃ နဲ့ ကိုင်တွယ်ဖို့ ဆုံးဖြတ်ချက် ချမှတ်ခံထားရပါတယ်။
ဒါပေမဲ့ အထည်ချုပ်စက်ရုံတွေ ပိတ်သိမ်းတဲ့အခါ ပြည်တွင်းမှာ အလုပ်သမားလိုအပ်ချက် ရှိနေတာကြောင့် နောက်အလုပ်ခွင်တွေကို အလုပ်သမားတချို့ပြန်လည်ဝင်ရောက် လုပ်ကိုင်နိုင်ကြောင်း ပြောဆိုသူတချို့လည်း ရှိပါတယ်။
“ရှေ့မှာလည်း စက်ရုံတွေ ပိတ်ခဲ့ကြတယ်။ ပိတ်ရင် နောက်ထပ်ရုံတွေကို ဝင်လုပ်ကြတယ်၊ ရွှေပြည်သာနဲ့ လှိုင်သာယာမှာ အထည်ချုပ်နဲ့ လူသုံးကုန်စက်ရုံအသစ်တွေလည်း ထပ်ဖွင့်တာ ရှိပါတယ်” လို့ အမည်မဖော်လိုတဲ့ ပြည်တွင်းအထည်ချုပ်အလုပ်သမားအခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။
ဒါပေမဲ့ ပိတ်သွားတဲ့စက်ရုံတွေက အလုပ်သမား ထောင်ချီဟာ တခြားလုပ်ငန်းခွင်တွေကို ဘယ်လောက်အထိ ပြန်လည် ၀င်ရောက်နိုင်တယ်ဆိုတာကတော့ အချက်အလက် မဲ့နေပါတယ်။
အောက်တိုဘာလဆန်းကမှ အလုပ်သမားဝန်ကြီးအသစ်အဖြစ် တာ၀န်ယူတဲ့ ဦးမောင်မြင့်ဟာ ဒီနေ့မှာလည်း ရန်ကုန်မြို့က မင်္ဂလာဒုန်စက်မှုဇုန်မှာရှိတဲ့ အထည်ချုပ်စက်ရုံတွေကို သွားရောက် ကြည့်ရှုနေတယ်လို့ ဝန်ကြီးဌာနက သတင်းဖော်ပြပါတယ်။
အထည်ချုပ်စက်ရုံတွေပိတ်သိမ်းတာနဲ့ပတ်သက်လို့တော့ ဒီနေ့ ညနေပိုင်းအထိ နေပြည်တော်ဘက်က တစုံတရာထုတ်ပြောတာ မရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Vantor/BBC
မီတာ ၈၀ (ပေ ၂၆၀ ကျော်) ရှည်တဲ့ ဇိမ်ခံရေယာဉ်တစ်စီးကို မြောက်ကိုရီးယားနိုင်ငံ၊ ၀မ်ဆန်ကမ်းရိုးတန်းအလွန်မှာ ဒီနှစ် ဇူလိုင်လကနေ အောက်တိုဘာလလယ်အထိ ဂြိုဟ်တုဓာတ်ပုံတွေထဲ အကြိမ်ကြိမ် တွေ့ခဲ့ရပါတယ်။
ဒီနေရာမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ သူ့မိသားစု အသုံးပြုတဲ့ ၀င်းကျယ်ကျယ် စံအိမ်ကြီးတစ်လုံးလည်း အဲဒီမှာ ရှိပါတယ်။
ဒါပေမဲ့ ဟိုဟိုဒီဒီ ခုတ်မောင်းနေတဲ့ ဒီရေယာဉ်ကြီးမျိုးက ဒီတစ်စင်းမက ရှိနေပါတယ်။ ဘီဘီစီက လေ့လာခဲ့တဲ့ဂြိုဟ်တုဓာတ်ပုံတွေထဲမှာ တခြားရေယာဉ်တချို့ကိုလည်း ကင်ရဲ့ စံအိမ်ကြီးအနီးမှာ အကြိမ်ကြိမ် တွေ့ခဲ့ရပါတယ်။
ဆောင်းပါးအပြည့်အစုံကို ဒီလင်ခ့် မှာဖတ်နိုင်ပါပြီ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှားက စစ်သားစုဆောင်းရေးတပ်ကို မြန်မာလုပ်သားတွေ ရောက်ခဲ့တဲ့ ဖြစ်စဥ်ကြောင့် ပြည်ပအလုပ်အကိုင်အေဂျင်စီ ၃ ခု လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၆(ခ)နဲ့ တရားစွဲအမှုဖွင့်ခံလိုက်ရတယ်လို့ ဘီဘီစီရဲ့ ပြည်ပအေဂျင်စီသတင်းရင်းမြစ်က ပြောပါတယ်။
Top 1၊ ဝဿန်ဦးနဲ့ မြတ်လင်းသစ် အေဂျင်စီတို့ကို အမှုဖွင့်ထားတာလို့ သတင်းရင်းမြစ်ပြောပြချက်အရ သိရပါတယ်။ အဲဒီ အေဂျင်စီ ၃ ခုကို ဘီဘီစီက သီးခြားအတည်ပြုနိုင်ဖို့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းပိတ်ထားတာကြောင့် ဆက်သွယ်လို့ မရသေးပါဘူး။
ဒီအေဂျင်စီ ၃ ခုဟာ ရုရှားဘက်က အေဂျင်စီတချို့နဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး ရုရှားနိုင်ငံဘက်ကို လုပ်သားပို့ခဲ့ကြတဲ့ အေဂျင်စီတွေဖြစ်တယ်လို့ သိရှိရပါတယ်။
လက်ရှိမှာ အေဂျင်စီ ၃ခုလုံးရဲ့ တာဝန်ရှိသူတွေကို နေပြည်တော်ရဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ) ကွပ်ကဲမှုအောက်က စစ်ကြောရေးတစ်ခုမှာ စစ်မေးတာတွေလုပ်နေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
အောက်တိုဘာလဆန်းပိုင်းတုန်းက မြန်မာဘက်က အေဂျင်စီတချို့ကနေ ရုရှားကို အလုပ်လုပ်ဖို့ စေလွှတ်လိုက်တဲ့ မြန်မာလုပ်သားတချို့ဟာ ရုရှားရဲ့ စုဆောင်းရေးတပ်ထဲ ပို့ဆောင်ခံခဲ့ရတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။
အလုပ်လုပ်ဖို့ စာချုပ်ချုပ်ဆိုတဲ့အခါ စာချုပ်ထဲမှာ ကနဦးအနေနဲ့ ရုရှားမှာ စစ်မှုထမ်းဆောင်ရမယ်ဆိုတဲ့အချက်ပါ ထည့်သွင်းထားပြီး မြန်မာလုပ်သားတွေဘက်က ငြင်းဆန်တာကြောင့် ရုရှားအာဏာပိုင်တွေဘက်က မော်စကိုမြို့က မြန်မာသံရုံးဘက်ကို ဆက်သွယ်ပြီး လွှဲပြောင်းပေးခဲ့တာလို့ ဘီဘီစီသတင်းရင်းမြစ်က အဲဒီအချိန်ကတည်းက ပြောထားပါတယ်။
မြန်မာလုပ်သားတွေဟာ နှစ်နိုင်ငံအေဂျင်စီချင်း အချိတ်အဆက်ကတဆင့် ထိုင်းနိုင်ငံ၊ တာချီလိတ်ဘက်ကနေ ရုရှားနိုင်ငံကို ထွက်ခွာခဲ့ကြရတာဖြစ်တယ်လို့ သူကပြောခဲ့ပါတယ်။
ရုရှားရဲ့ အေဂျင်စီတချို့က မြန်မာက အေဂျင်စီတချို့ကို လုပ်သားစေလွှတ်ပေးဖို့အတွက် အမေရိကန်ဒေါ်လာ ၅,၀၀၀ (ကျပ်ငွေပြင်ပငွေလဲနှုန်း ကျပ်သိန်း၂၂၀ ဝန်းကျင်) နဲ့ အလုပ်အပ်ကမ်းလှမ်းခဲ့တယ်လို့ အေဂျင်စီနဲ့နီးစပ်သူတစ်ဦးက ဖွင့်ပြောပါတယ်။
“အေဂျင်စီတွေဘက်ကလည်း သွားချင်တဲ့လုပ်သားတွေဆီက ကျပ်သိန်း ၁၅၀ ကနေ ၂၀၀ ကြားပြန်ယူပြီးပို့လိုက်တာ” လို့ သူသိထားရတဲ့အချက်ကိုရှင်းပြပါတယ်။ ရုရှားတပ်ထဲ အဓမ္မပို့ဆောင်ခံခဲ့တဲ့ မြန်မာလုပ်သား ၁၉ ဦးကတော့ ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာပဲ ရန်ကုန်ကို လေကြောင်းလိုင်းကနေ ပြန်ရောက်လာပြီလို့ လုပ်သားတချို့နဲ့ နီးစပ်သူတစ်ဦးစီကနေသိရပါတယ်။
“ရန်ကုန်လေဆိပ်မှာ မိသားစုတွေနဲ့ ဖုန်းပေးပြောတယ်။ ပြီးတော့ စစ်တပ်က စစ်မေးဖို့ဆိုပြီး အလုပ်သမားတွေကို ကားနဲ့တင်ခေါ်သွားတယ်”လို့ သူကရှင်းပြပါတယ်။
အေဂျင်စီ ၃ ခု အမှုဖွင့်ခံထားရတဲ့ ပုဒ်မ ၃၈(ခ)ဆိုတာ ဂိုဏ်းဖွဲ့လူကုန်ကူးတာ၊ အဓမ္မအဓမ္မခေါင်းပုံဖြတ်တာ သို့မဟုတ် ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုခုကို ထုတ်ယူဖို့အတွက် စည်းရုံးပို့ဆောင်တာတွေကို အရေးယူနိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KNDF
ကရင်နီပြည် တပ်ပေါင်းစုံစစ်ဘက်ဆိုင်ရာဥပဒေအရ တပ်ဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးတဲ့အခါ သတ်မှတ်ချက်တွေကို တင်းကျပ်ထားပြီး တခြားကရင်နီလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုခုကနေ ထုတ်ပယ်ခံထားရသူတွေကို လက်ခံမှာမဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။
အခန်းပေါင်း ၁၉ ခန်း၊ ပုဒ်မပေါင်း ၁၂၆ ခုနဲ့ ဖွဲ့စည်းပြဌာန်းထားတဲ့ အဲဒီဥပဒေကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က အောက်တိုဘာ ၂၁ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။
ဒီဥပဒေဟာ ကရင်နီတပ်ပေါင်းစုံသာမက ကယား(ကရင်နီ) ပြည်နယ်မှာ လာရောက်အခြေချတဲ့ မဟာမိတ်တပ်တွေပါ လိုက်နာကျင့်သုံးဖို့ ရေးဆွဲထားတာလို့ ပါရှိပါတယ်။
ဥပဒေပါ ပြဋ္ဌာန်းချက်တွေအရ လုံခြုံရေးတပ်ဖွဲ့ဝင်အဖြစ် ဝင်ရောက်ချင်သူဟာ ကယား(ကရင်နီ) ပြည်အပေါ် သစ္စာစောင့်သိရမယ့်အပြင် ကိုယ်ကျင့်တရားကောင်းမွန်သူ ဖြစ်ရမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေနဲ့လည်း မငြိစွန်းရဘူးလို့ ဆိုပါတယ်။
ကရင်နီပြည်နယ်တပ်ဖွဲ့နဲ့ တခြားအဖွဲ့အစည်းက ထုတ်ပယ်ခံရသူ၊ လုံလောက်တဲ့အကြောင်းပြချက်မရှိဘဲ အဖွဲ့အစည်းတစ်ခုကနေတခု ကူးပြောင်းနေသူ၊ ကျင့်ဝတ်ပျက်ပြားတယ်လို့ ကျော်စောသတင်းရှိသူ၊ အသက် ၁၈ နှစ်မပြည့်သူ၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသူ၊ အခါအားလျော်စွာ ထုတ်ပြန်တဲ့ သတ်မှတ်ချက်နဲ့ မပြည့်စုံသူတွေလို့ ဥပဒေမှာ တွေ့ရပါတယ်။
ဒါဟာ တပ်ဖွဲ့ဝင်ရွေးချယ်ရေးမှာ စည်းကမ်းနဲ့ နောက်ကြောင်းစစ်ဆေးမှုကို အလေးထားကြောင်း ပြသနေတယ်လို့ နားလည်ရပါတယ်။
ဥပဒေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအတွက် စည်းကမ်းလိုက်နာရမယ့် အချက်တွေ၊ ပြစ်မှုနဲ့ ပြစ်ဒဏ်တွေကိုလည်း အသေးစိတ် ဖော်ပြထားပါတယ်။
အရပ်သားတွေအပေါ် ပြစ်မှုကျူးလွန်တာအပါအဝင် စစ်သုံ့ပန်းတွေကို သတ်ဖြတ်တာ၊ ကျန်းမာရေးစောင့်ရှောက်သူနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေကို တိုက်ခိုက်တာတွေကျူးလွန်ရင် လက်နက်ဖြုတ်သိမ်းတာကနေ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်တွေ ချမှတ်မယ်လို့ ပြဋ္ဌာန်းထားတာကိုလည်း တွေ့ရပါတယ်။
အမိန့်မနာခံတာ၊ တာဝန်ပျက်ကွက်တာ၊ တပ်ဖွဲ့ရဲ့ လုံခြုံရေးနဲ့ စစ်ဆင်ရေးကို ထိခိုက်စေနိုင်တဲ့ လုပ်ရပ်တွေ ကျူးလွန်တာမျိုးဆိုရင် အရေးယူနိုင်ပြီး၊ ပြင်းထန်တဲ့ ပြစ်မှုတချို့အတွက်တော့ အမည်ပျက်နဲ့ထုတ်ပယ်"Dismissal with Disgrace" တဲ့ အထိ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
အသက် ၁၈ နှစ်ပြည့်တဲ့ ကရင်နီပြည်သားတွေ ကာကွယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နိုင်တယ်လို့ ဥပဒေမှာ ဖော်ပြထားပေမယ့် စစ်မှုထမ်းရမယ့် သတ်မှတ်ကာလ ဘယ်နှနှစ်ဆိုတာကိုတော့ ထည့်သွင်းဖော်ပြထားခြင်း မရှိပါဘူး။
ဒီအချက်နဲ့ ပတ်သက်လို့ IEC တာဝန်ရှိသူတချို့ကို ဘီဘီစီက ဆက်သွယ်မေးမြန်းနေပါတယ်။
ဒါ့အပြင် အသက်ပြည့်တာနဲ့ မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်မျိုးကိုလည်း မတွေ့ရဘဲ ဆန္ဒအလျောက် ပါဝင်ဆောင်ရွက်သူတွေကို နည်းဥပဒေအတိုင်း စိစစ်ရွေးချယ်သွားမယ်လို့သာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOI
ထိုင်းနိုင်ငံနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတောင်ပိုင်းဒေသတွေက ဌာနပေါင်းစုံပူးပေါင်းစစ်ဆေးရေးဂိတ်တွေမှာ တရားဝင်တင်သွင်းလာတဲ့ ကုန်စည်တွေအပေါ် ငွေကြေးတရားမဝင် တောင်းခံတာရှိရင် တိုင်ကြားနိုင်ပြီး ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြောပါတယ်။
မွန်ပြည်နယ်အတွင်း စစ်ဆေးရေးဂိတ်တွေမှာ တရားမဝင်ငွေကြေးကောက်ခံမှုတွေ ပပျောက်ရေး ဆောင်ရွက်ဖို့ အစီအစဉ်ရှိ၊ မရှိ ရေးမြို့နယ် ပြည်သူ့လွှတ်တော် အမတ်ဒေါ်မြင့်သန်းရဲ့ မေးခွန်းကို သူက လွှတ်တော်မှာ အခုလို ဖြေကြားခဲ့တာပါ။
မွန်ပြည်နယ်အတွင်း ကုန်စည်သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေမှာ စစ်ဆေးရေးဂိတ်တွေက ငွေကြေးကောက်ခံမှုတွေ များပြားလာတာကြောင့် ဒေသတွင်း ကုန်စည်ဈေးနှုန်းတွေ မြင့်တက်လာတယ်လို့ ဒေါ်မြင့်သန်းက လွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။
''မွန်ပြည်နယ်က ကရင်၊ တနင်္သာရီနဲ့ ပဲခူးတိုင်းတို့နဲ့ ဆက်နေတာကြောင့် နယ်မြေလုံခြုံရေးအတွက် စစ်ဆေးရေးဂိတ်များစွာရှိပါတယ်။ တရားမဝင်ကုန်ပစ္စည်းများ၊မူးယစ်ဆေးဝါး၊ လိုင်စင်မဲ့ယာဥ်များကို အဓိကထားစစ်ဆေးတဲ့ဂိတ်များဖြစ်ပါတယ်။ မွန်ပြည်နယ်မှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးအတွက်လိုအပ်တဲ့ ပစ္စည်များဝယ်ယူရေးနဲ့ ထွက်ရှိတဲ့ထွက်ကုန်တွေကို စျေးကွက်ကိုရောက်ရှိရေးအတွက်မှာ လမ်းကြောင်းပေါ်မှာ ဂိတ်ပေါင်းများစွာကို ဂိတ်ကြေးမတရားပေးဆောင်နေရပါတယ်။ ဒါကြောင့် နေ့စဥ် စားသုံးကုန်စည်များစျေးနှုန်းများမြင့်တက်လာပါတယ်'' လို့ ဒေါ်မြင့်သန်းက ဆွေးနွေးခဲ့ပါတယ်။
မွန်ပြည်နယ်ဟာ ကရင်၊ တနင်္သာရီနဲ့ ပဲခူးတိုင်းတို့နဲ့ ဆက်စပ်နေပြီး နယ်မြေလုံခြုံရေးအတွက် စစ်ဆေးရေးဂိတ်တွေ အများအပြားရှိတယ်လို့ ဗိုလ်ချုပ်မင်းသူက ပြောပါတယ်။
မွန်ပြည်နယ်အတွင်း တံတားလုံခြုံရေးဆိုင်ရာ နေရာ ၁၂ ခုရှိပြီး စစ်တပ်၊ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာနတို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေက စစ်ဆေးရေးလုပ်ငန်းတွေ ဆောင်ရွက်နေသလို အဲဒီဂိတ်တွေမှာ တရားမဝင်ကုန်ပစ္စည်းတွေ၊ မူးယစ်ဆေးဝါးနဲ့ လိုင်စင်မဲ့ယာဉ်တွေကို အဓိက စစ်ဆေးတယ်လို့ သူက ဆိုပါတယ်။
လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါးနဲ့ တရားမဝင်ကုန်စည်တွေကို ဖမ်းဆီးတာအပြင် တရားခံပြေးတွေကို ဖမ်းဆီးနိုင်ဖို့လို့ ပြောပါတယ်။
“သတ်မှတ်စည်းကမ်းအတိုင်း သွားတဲ့ကုန်စည်တွေကတော့ ဖမ်းဆီးတာမရှိပါဘူး။ တရားဝင်ခွင့်ပြုထားတာမရှိတဲ့ ကုန်စည်တွေကို သယ်ဆောင်လာမယ်ဆိုရင်တော့ ဖမ်းဆီးအရေးယူတာတွေ ဆောင်ရွက်ရမှာဖြစ်ပါတယ်” လို့ ဗိုလ်ချုပ်မင်းသူက ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေနဲ့ ဆက်စပ်နေတဲ့ မွန်၊ ကရင်၊ တနင်္သာရီနဲ့ ပဲခူးတိုင်းတို့က စစ်ဆေးရေးဂိတ်တွေမှာ တရားဝင်ကုန်ပစ္စည်းတွေအပေါ် ငွေကြေးတောင်းခံတာရှိရင် တည်ဆဲဥပဒေနဲ့အညီ အရေးယူသွားမယ်လို့လည်း သူက ပြောပါတယ်။
''စစ်ဆေးရေးဂိတ်တွေက လုံခြုံရေးအကြောင်းပြပြီး ငွေတောင်းတယ်၊ သူတို့ချင်းညှိပြီး လွှတ်ပေးတာတွေလည်းရှိတယ်။ လုံခြုံရေးအတွက်ဖွင့်ထားတယ်ဆိုတဲ့ ဂိတ်တွေက လုပ်စားနိုင်တဲ့ အခြေအနေရောက်နေတော့ တောင်းသမျှပေးရတယ်။ မပေးနိုင်ရင် သိမ်းတယ်။ ဖမ်းတယ်ဆိုတာ မူးယစ်ဆေးလိုနဲ့ နောက်သိပ်ကြီးလွန်းမှ ဖမ်းနေတာပါ။ မဟုတ်ရင် ကုန်တွေက အောက်ခြေမှာ ငွေတောင်းပြီး ပြီးသွားတာပါ။ ဒီတော့ စျေးကွက်ထဲရောက်လာတော့ ပေးရတဲ့ငွေတွေအတွက်က စျေးတွေ အဆမတန်တင်ထားတော့ စားသုံးတဲ့ ပြည်သူပဲ ကုန်စျေးနှုန်းတက်တာပါ'' လို့ မွန် - ရန်ကုန် အဝေးပြေးကုန်တင်ယာဥ်မောင်းတစ်ဦးက လက်ရှိအခြေအနေကို ဝေဖန်ပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လွှတ်တော်အတွင်း ဖြေကြားတဲ့အချက်အလက်တွေအရ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းကနေ အောက်တိုဘာလလယ်အထိ မွန်ပြည်နယ်မှာ မူးယစ်ဆေးဝါးနဲ့ လိုင်စင်မဲ့မော်တော်ယာဉ်ဆိုင်ရာ အမှု ၃၀ ကျော်ရှိခဲ့ပါတယ်။
အကောက်ခွန်မဲ့ကုန်စည်တွေကို ပို့ကုန်သွင်းကုန်ဥပဒေနဲ့ အရေးယူခဲ့တဲ့အမှု ၂၂၇ မှုရှိပြီး ကုန်စည်တန်ဖိုးဟာ ကျပ် ၁၇၅ ဘီလီယံခန့်ရှိကာ တရားခံ ၃၀၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
တရားမဝင်ကုန်စည်တွေကို စစ်ဆေးဖမ်းဆီးနေတယ်ဆိုပေမဲ့ ထိုင်းနိုင်ငံကတစ်ဆင့် ကုန်စည်မျိုးစုံ မြန်မာကို နည်းလမ်းအမျိုးမျိုးနဲ့ တရားမဝင် ဝင်ရောက်နေဆဲဖြစ်တာက အဆမတန်ကုန်စျေးနှုန်းမြင့်တက်မှုတွေရှိတယ်လို့ ဒေါ်မြင့်သန်းက ထောက်ပြပါတယ်။ ဒီမှောင်ခိုဈေးကွက်ကို ထိန်းချုပ်နိုင်ဖို့ တရားဝင်ကုန်သွယ်ရေးဇုန်တွေ ဖွင့်လှစ်သင့်တယ်လို့လည်း သူက ဆွေးနွေးခဲ့ပါတယ်။
စစ်တပ်အာဏာမသိမ်းခင်က မော်လမြိုင်-ရန်ကုန် ကားလမ်းပိုင်းမှာ ကျိုက်ထို မရမ်းချောင်ဂိတ်တခုသာ ရှိပေမဲ့ လက်ရှိပြည်ထဲရေးအချက်အလက်အရ ဂိတ်စခန်း ၁၂ ခုထက်မနည်း ရှိနေပါတယ်။
စစ်ဆေးရေးဂိတ်တွေဟာ ကုန်တင်ကားအပြင် ခရီးသည်တင်ယာဉ်လိုင်းတွေမှာပါ ငွေကြေးကောက်ခံနေတာရှိသလို ကုန်တင်ကားတွေနဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေဟာ စက်သုံးဆီ ဈေးနှုန်းမြင့်တက်တာလာတာ၊ ခရီးသည်နည်းပါးလာတာ၊ စစ်ဆေးရေးဂိတ်တွေကိုပါ ငွေကြေး ပေးဆောင်နေရတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Global Witness
မြန်မာကနေ တရုတ်နိုင်ငံကို မြေရှားသတ္တုကုန်ကြမ်းပို့တဲ့ပမာဏဟာ တစ်လအတွင်းမှာပဲ တန်ချိန် ၂ ထောင်ကျော် အထိ ခုန်တက်ပြီး တင်ပို့မှု မြင့်တက်နေတယ်လို့ ဒီသတ္တုတင်ပို့ရောင်းချမှုစျေးကွက်ကို စောင့်ကြည့်တဲ့ ရှန်ဟိုင်းသတ္တုများစျေးကွက်ကုမ္ပဏီ(SMM) က ရေးပါတယ်။
ရှန်ဟိုင်းအပါအ၀င် ဗြိတိန်၊ မလေးရှားနဲ့ အင်ဒိုနီးရှားအပါအ၀င် ကမ္ဘာတလွှားမှာ ရုံးတွေဖြန့်ကြက်ထားတဲ့ ဒီကုမ္ပဏီက တရုတ်အကောက်ခွန်ဌာန (GACC) ကနောက်ဆုံးထုတ်ပြန်ကို ကိုးကားပြီး မြန်မာ့မြေရှားတင်ပို့မှု အခြေအနေကို ဖော်ပြတာဖြစ်ပါတယ်။
မြန်မာကနေ တရုတ်ကို မြေရှားပို့တဲ့ပမာဏဟာ သြဂုတ်လမှာ တန် ၁,၃၀၀ ကျော်ရှိခဲ့ရာကနေ စက်တင်ဘာလအရောက်မှာတော့ တန် ၃,၅၀၀ အထိရှိ ခုန်တက်သွားခဲ့တယ်လို့ SMM က ရေးပါတယ်။
ဒီပမာဏဟာ ကမ္ဘာမှာ မြေရှားသန့်စင်ထုတ်လုပ်မှု အကြီးဆုံးဖြစ်နေတဲ့ တရုတ်ရဲ့ မြေရှား အောက်စီဒိုက်(သတ္တုအဆင့်မဟုတ်သေး) တင်သွင်းမှု စုစုပေါင်း ၇၀ ရာခိုင်နှုန်းခန့်ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မြန်မာဟာ တရုတ်မြေရှားကဏ္ဍအတွက် အကြီးမားဆုံး ထောက်ပံ့ပေးသူဖြစ်နေပါတယ်။
လာအိုကလည်း တရုတ်ကို မြေရှားပို့တာရှိပေမဲ့ လာအိုဘက်က တင်ပို့နှုန်းကတော့ ကျနေတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ လာအိုရဲ့တရုတ်မြေရှားစျေးကွက်ကို ဖြည့်ဆည်းမှုဟာ ၂၇ ရာခိုင်နှုန်းအထိရှိတာကြောင့် မြန်မာနဲ့ လာအိုရဲ့ မြေရှားဖြည့်တင်းပေးမှုဟာ တရုတ်မြေရှားကဏ္ဍကို ၉၇ ရာခိုင်နှုန်းကျော်အထိ ရှိနေတယ်လို့ SMM က ရေးပါတယ်။
SMM ကတော့ စက်တင်ဘာလအတွင်း မြန်မာရဲ့ မြေရှားအောက်ဆီဒိုက်တွေ တရုတ်ကို တင်ပို့မှု မြင့်တက်လာတဲ့အကြောင်းရင်း ၂ ချက်ကြောင့်ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
ပထမတစ်ချက်က မိုးကုန်ခါနီးဖြစ်တာကြောင့် သတ္တုတွင်းကနေ ပစ္စည်းပို့ဆောင်ရေးနဲ့ နယ်စပ်ဖြတ်ကျော်သယ်ယူပို့ဆောင်ရေး အခြေအနေတွေ ပိုကောင်းလာလို့ဖြစ်ပြီး ဒုတိယတစ်ချက်ကတော့ တရုတ်နိုင်ငံထဲက မြေရှား ခွဲထုတ်သန့်စင်ရေး စက်ရုံတွေ လည်ပတ်မှုကောင်းရာကနေ ကုန်ကြမ်းလိုအပ်ချက် ပြန်မြင့်တက်လာနိုင်တာကြောင့်လို့ သုံးသပ်တာပါ။
တရုတ်နဲ့ နေပြည်တော်ဆက်ဆံရေးအပါအ၀င် မြန်မာ့အရေး လွတ်လပ်တဲ့သုတေသနအဖွဲ့ဖြစ်တဲ့ ISP Myanmar ကတော့ ၂၀၂၅ ခုနှစ် ပထမ ၉ လအတွင်း မြန်မာနိုင်ငံ က တရုတ်နိုင်ငံ ကို ရှားပါးမြေဒြပ် (Rare Earth) တန်ချိန် ၂၈,၀၀၀ ကျော် တင်ပို့ခဲ့ပြီး ဒီပမာဏဟာ တန်ဖိုးအနေနဲ့ အမေရိကန်ဒေါ်လာ ၆၂၄ သန်းခန့် ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒါကြောင့် စျေးကွက်မှာအကြမ်းဖျင်း သတ်မှတ်ချက်အရ စက်တင်ဘာလအတွင်း မြန်မာက တရုတ်ကို တင်ပို့တဲ့ တန်ချိန်ကို တွက်ချက်ကြည့်တန် တန်ဖိုးအနေနဲ့ အမေရိကန် ဒေါ်လာ ၇၈ သန်း ၀န်းကျင်နီးပါးရှိနေပါတယ်။
သတင်းတွေအရ ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာကနေ တရုတ်ကို မြေရှားတင်ပို့မှုအများဆုံးဟာ လက်ရှိမှာ ကချင်လွတ်လပ်ရေးတပ် (KIA) ထိန်းချုပ် ထားတဲ့ တရုတ် -မြန်မာ နယ်စပ်က ကချင်အထူးဒေသ ၁ လို့ခေါ်တဲ့ ပန်၀ါဒေသ၊ ချီဖွေနဲ့ မိုးမောက်မြို့နယ်တွေ ကလာတဲ့ကုန်ကြမ်းတွေလို့ နားလည်ရပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်း ရှမ်းပြည်နယ်အရှေ့ပိုင်းက ’၀’ တပ်(UWSA)နဲ့ မိုင်းလားအဖွဲ့ (NDAA) ထိန်းချုပ်နယ်မြေတွေအပါအ၀င် တအာင်းတပ်(TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်က မန်တုံမြို့နယ်တွေမှာပါ မြေရှားတူးဖော်မှုတွေ တွေ့လာရတယ် သုတေသနအဖွဲ့တွေက ပြောပါတယ်။
ဒီတူးဖော်မှုတွေကြောင့် မြန်မာကနေ တရုတ်ဘက်ကို မြေရှားသတ္တုကုန်ကြမ်းတင်ပို့မှု မြင့်တက်စေရတဲ့အကြောင်းရင်းခံတွေထဲက တစ်ခုလို့ နားလည်ရပါတယ်။
တဖက်မှာလည်း မြန်မာက မြေရှားတူးဖော်မှုတွေနဲ့ပတ်သက်ပြီး သဘာ၀ပတ်၀န်းကျင်ထိခိုက်ပျက်စီးမှု ဆိုးရွားတာတွေနဲ့ တာ၀န်သိတဲ့လုပ်ငန်းဆောင်ရွက်မှုတွေဖြစ်ဖို့ Global Witness လို သယံဇာတ တူးဖော်စောင့်ကြည့်မှုဆိုင်ရာ အဖွဲ့တွေက ထောက်ပြနေပါတယ်။
ထိုင်းနိုင်ငံနဲ့နယ်စပ် ရှမ်းအရှေ့ပိုင်းမှာ မြေရှားတူးဖော်တာတွေကြောင့် နှစ်နိုင်ငံကို ဖြတ်သန်းစီးဆင်းတဲ့မြစ်တွေမှာ ဓာတုအဆိပ်သင့်မှုတွေဖြစ်နေတယ်လို့ ထိုင်းလူ့အခွင့်အရေးအဖွဲ့တွေက အသံမြှင့်ပြောဆို ထောက်ပြနေပါတယ်။
မြေရှားထုတ်လုပ်မှုဟာ မြေကြီးထဲကို ဓာတုပစ္စည်းတွေ ထိုးသွင်းပြီး စုဆောင်းရတဲ့လုပ်ငန်းစဥ်လည်း ပါတာကြောင့် မြေနဲ့ ရေတွေကို ထိခိုက်မှုများတဲ့အန္တရာယ်ကို သုတေသနအဖွဲ့တွေက စောင့်ကြည့်တိုက်တွန်းနေပါတယ်။
မင်္ဂလာပါ။
အောက်တိုဘာ ၂၂ ရက် နောက်ဆုံးရသတင်းတွေကို အခုစာမျက်နှာမှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဆက်လက်ဖတ်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်။