တိုက်ရိုက်ထုတ်လွှင့်မှု, တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်နဲ့ အတူ မံစီကိုပါ စစ်တပ်က ထိုးစစ်ပြင်လာတယ်လို့ KIA ပြော

တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်နဲ့ အတူ မံစီကိုပါ စစ်တပ် ထိုးစစ်ပြင်၊ ပိတ်ထားတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေ UWSA ပြန်ဖွင့်ပေး စတဲ့သတင်းတွေအပါအဝင် ကမ္ဘာနဲ့မြန်မာထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • ဗန်းမော်မြို့တောင်ဘက် မံစီမြို့နယ်နဲ့ ထိစပ်နေတဲ့ ခလရ ၄၇ တပ်ရင်းအနီးမှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ် ( KIA) နဲ့ ပူးပေါင်းတပ်တွေကြားမှာ တိုက်ပွဲတွေပြင်းထန်
  • "ဝ" ပြည် (UWSA) ထိန်းချုပ်နယ်မြေထဲမှာ ပိတ်ထားတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီးနောက် ပြန်ဖွင့်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဟုမ္မလင်းမှာ စစ်တပ်နဲ့ SNAပူးပေါင်းစခန်းကို KIA သိမ်း, မိုးမိတ်မှာလည်း တိုက်ပွဲဆက်ပြင်းထန်

    ဟုမ္မလင်းမြို့အဝင်ဆိုင်းဘုတ် (ပုံဟောင်း)

    စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ထဲက စစ်တပ်ရဲ့ တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်(KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်းတပ်က မနေ့အောက်တိုဘာ ၂၂ ရက် ညပိုင်းမှာ သိမ်းပိုက်ခဲ့တယ်လို့ မြေပြင်အခြေအနေသိတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ ‌

    တောင်ဦးကျေးရွာမှာရှိတဲ့ အင်အားဆယ်ချီရှိတဲ့ စစ်တပ်နဲ့ ရှမ်းနီတပ်(SNA) ပူးပေါင်းခြေကုပ်ယူထားတဲ့ စခန်းကိုသိမ်းခဲ့တာလို့ သူကဆိုပါတယ်။ဒီတပ်စခန်းကို မသိမ်းခင် ရွာအနီးတဝိုက်က စခန်းပတ်လည်က ကာကင်းစခန်းတချို့ကိုလည်း KIA/PDF တပ်တွေက သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။စခန်းသိမ်းတိုက်ပွဲပြီးတဲ့နောက် မြန်မာစစ်တပ်ရဲ့ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်ကနေ တက်လာတဲ့ တိုက်လေယာဉ်တချို့က တောင်ဦးကျေးရွာတဝိုက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။

    အလားတူ ဟုမ္မလင်းနယ် တောင်ဦးကျေးရွာအနီးမှာလည်း စစ်တပ်နဲ့ KIAပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ သူက ဆိုပါတယ်။

    ဟုမ္မလင်းမြို့ပေါ်ကို စစ်တပ်က ထိန်းချုပ်ထားပြီး မြို့နယ်ထဲမှာတော့ KIA/ PDF နဲ့ SNA တပ်တို့က အပိုင်းလိုက် ထိန်းချုပ်ထားကြတာဖြစ်ပါတယ်။

    တစ်ဖက် စစ်တပ်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)က မိုးမိတ်မြို့နယ်ထဲမှာလည်း စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲဆက်ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    KIA ရဲ့ ပြန်ကြားရေးဌာနကလည်း မိုးမိတ်မှာ တိုက်ပွဲတွေပြန်ပြင်းထန်နေတာ တစ်လနီးပါးရှိပြီလို့အောက်တိုဘာ ၂၁ ရက်က သတင်းထုတ်ပြန်ထားပါတယ်။

    မိုးမိတ်အရှေ့ဘက်နဲ့ မြောက်ဘက်ကျတဲ့ ၇ မိုင်၊ ၈ မိုင်၊ ၉ မိုင်ဒေသတွေမှာ KIA/ PDF တပ်တွေက ထိုးစစ်ဖော်နေပြီး စစ်တပ်ဘက်ကလည်း ဒီနေရာတွေကို အင်အားရာချီ ထပ်မံဖြည့်တင်းပြီး ခုခံတိုက်ခိုက်နေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

    မိုးမိတ်မြို့ကို တအာင်းတပ် (TNLA) နဲ့ ပူးပေါင်းတပ်တွေက ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း ၂၀၂၄ ခုနှစ် ဇူလိုင်လကုန်ပိုင်းမှာ သိမ်းပိုက်ခဲ့ပြီး တစ်နှစ်ခွဲနီးပါး ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်ရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ TNLA နဲ့ စစ်တပ်တို့ အပစ်အခတ်ရပ်စဲရေး သဘောတူပြီးနောက် TNLA က မိုးမိတ်အပြင် မန္တလေးတိုင်းထဲက မိုးကုတ်မြို့ကိုပါ စစ်တပ်ထံ ပြန်လွှဲပေးခဲ့ပါတယ်။

    KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ မိုးမိတ်ဟာ KIA ထိန်းချုပ်ထားတဲ့ မဘိမ်းမြို့နဲ့ နယ်မြေချင်းဆက်စပ်နေသလို မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဆုံတဲ့ မြို့ဖြစ်တာကြောင့် စစ်ရေးအရ အရေးပါတဲ့နေရာလို့ အစောပိုင်းကတည်းက ပြောထားပါတယ်။

  2. စစ်တွေမြို့၊ မင်းဘာကြီးလမ်းအနီး ဗုံးကျပေါက်ကွဲ

    မင်းဘာကြီးလမ်းအနီး
    ဓာတ်ပုံ ပုံစာ, မင်းဘာကြီးလမ်းအနီး

    ဒီကနေ့မနက်ပိုင်း ၈ နာရီဝန်းကျင်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မင်းဘာကြီးလမ်း၊ ရွှေငါးစတိုးဆိုင် လမ်းခွဆုံအနီး ဗုံး ၂ လုံးကျရောက်ပေါက်ကွဲလို့ ၃ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရတာရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်က ကနဦးသတင်းအချက်အလက်ကို ပြောပါတယ်။

    '' ရခိုင် ၃ ယောက် သေဆုံးပြီး ၂ ယောက်က ဒဏ်ရာ ရတယ်လို့ သိရပါတယ်။ ဒဏ်ရာရတဲ့ ၂ ယောက် မှာ တစ်ယောက်က အောင်မင်္ဂလာရပ်ကွက်မှာ နေတဲ့ ရိုဟင်ဂျာ ဖြစ်ပါတယ်'' လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

    လက်ရှိမှာ စစ်တွေမြို့ဝန်းကျင်မှာ စစ်တပ်နဲ့ အာရက္ခတပ်တော်( အေအေ) တို့ကြားတိုက်ပွဲပြင်းထန်နေပြီး ဒီဗုံးကျရောက်မှုနဲ့ ပတ်သက်လို့ သီးခြားအတည်ပြုနိုင်တဲ့ အခြေအနေ မရှိသေးဘူးလို့ ဆိုပါတယ်။

    '' လောလောဆယ် ဘယ်ဖက်က ပစ်တာကိုတော့ မသိရသေးပါဘူး'' လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

    နောက်ဆက်တွဲသတင်းအပြည့်အစုံကို ဆက်လက်တင်ဆက်ပေးပါမယ်။

  3. အမေရိကန်နိုင်ငံရေးသမားတွေ သက်ကြီးပိုင်းတွေဘာကြောင့်များ

    အသက် ၈၄ နှစ်အရွယ် ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် မစ်ချ် မက်ကော်နယ်လ်
    ဓာတ်ပုံ ပုံစာ, အသက် ၈၄ နှစ်အရွယ် ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် မစ်ချ် မက်ကော်နယ်လ်

    ‌အမေရိကန် နိုင်ငံရေးသမားတချို့ရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေးအခြေအနေတွေကြောင့် ရီပတ်ဘလီကန်နဲ့ ဒီမိုကရက်ပါတီ နှစ်ဖက်စလုံးမှာ စိုးရိမ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်နေပါတယ်။

    ဒါကြောင့် နိုင်ငံရေးရာထူးတွေအတွက် အသက်ကန့်သတ်ချက် သတ်မှတ်သင့်သလား၊ ကျန်းမာရေးစစ်ဆေးမှုတွေ မဖြစ်မနေ လုပ်ဆောင်သင့်သလားဆိုတဲ့ မေးခွန်းတွေ ပြန်လည်ပေါ်ပေါက်လာပါတယ်။

    ‌‌ဆောင်းပါးအပြည့်အစုံ ကို ဒီလင်ခ့် မှာဆက်ပြီးဖတ်ရှုနိုင်ပါတယ်။

  4. ပိတ်ထားတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေ UWSA ပြန်ဖွင့်ပေး

    ပိတ်ထားတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေပြန်ဖွင့်

    "ဝ" ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်နယ်မြေထဲမှာ နှစ်လကြာပိတ်ထားတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီးနောက် ပြန်ဖွင့်ပေးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ''ဝ '' ပြည်မှာ ဘာသာရေးအစွန်းရောက်တချို့စိမ့်ဝင်နေတယ်ဆိုတဲ့ တရုတ်ရဲ့သတိပေးမှုကြောင့် ပန်ဆန်း၊ နားဝီး၊ မိုင်းပေါက်နဲ့ ဝ တောင်ပိုင်း ၁၇၁ စစ်ဒေသတွေမှာရှိတဲ့ ဘုရားကျောင်းတွေကို သြဂုတ်လကတည်းက ယာယီပိတ်သိမ်းခဲ့တာပါ။

    “အားလုံးနီးပါးပြန်ဖွင့်ပေးလိုက်ပါပြီ” လို့ UWSA ဌာနချုပ် ပန်ဆန်းနဲ့နီးစပ်တဲ့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    ဒါပေမဲ့ "ယေရှုတရုတ်မ" အဖွဲ့လို့ ဒေသခံတွေကခေါ်ကြတဲ့ ဘာသာရေးအစွန်းရောက်အဖြစ်သတ်မှတ်ခံထားရတဲ့ အဖွဲ့တွေကိုတော့ ဆက်လက်ဖမ်းဆီး အရေးယူသွားမယ်လို့ သတိပေးထားတဲ့အကြောင်း သူကပြောပါတယ်။

    ဒီအဖွဲ့က “ဖျားရင်ဆေးသောက်စရာမလိုဘူး” “အလုပ်လုပ်စရာမလိုဘဲ ဘုရားမှကောင်းစေမည်” ဆိုတဲ့ မှားယွင်းတဲ့ သွန်သင်မှုတွေရှိခဲ့တယ် လို့ UWSA ပြောခွင့်ရ ဦးညီရမ်းက ဘုရားကျောင်းတွေပိတ်တုန်းက ရှင်းပြဖူးပါတယ်။

    ဖမ်းဆီးထားတဲ့ ဓမ္မဆရာတစ်ဦးကိုပြန်လွှတ်ပေးခဲ့ပြီး "ယေရှုတရုတ်မ"( ဒေသခံတွေ ‌အခေါ်) ဖွဲ့ကို ကိုးကွယ်ယုံကြည်ကြသူတွေကိုတော့ ထောင်ဒဏ်တွေချမှတ်ခဲ့တယ်လို့ 'ဝ' ဒေသသတင်းတွေကိုဖော်ပြနေတဲ့ Wa News Land က ရေးပါတယ်။

    'ဝ' ဒေသမှာ တရုတ်ရဲ့သတိပေးမှုအရ ခရစ်ယာန်ဘုရားကျောင်းတွေပိတ်သိမ်းတဲ့ ဖြစ်စဥ်တွေ ၂၀၁၉ ခုနှစ်တုန်းကလည်း ရှိခဲ့ဖူးပါတယ်။

  5. တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်နဲ့ အတူ မံစီကိုပါ စစ်တပ်က ထိုးစစ်ပြင်လာတယ်လို့ KIA ပြော

    တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့တွင်း မီးလောင်ပျက်စီးနေတဲ့မြင်ကွင်း(ပုံဟောင်း)
    ဓာတ်ပုံ ပုံစာ, တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့တွင်း မီးလောင်ပျက်စီးနေတဲ့မြင်ကွင်း(ပုံဟောင်း)

    ကချင်ပြည်နယ်၊ ဗန်းမော်မြို့တောင်ဘက် မံစီမြို့နယ်နဲ့ ထိစပ်နေတဲ့ ခလရ ၄၇ တပ်ရင်းအနီးမှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ် ( KIA) နဲ့ ပူးပေါင်းတပ်တွေကြားမှာ တိုက်ပွဲတွေပြင်းထန်လာနေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်ရဲ့ အချက်အလက်တွေအရ သိရှိရပါတယ်။

    ကေအိုင်အေ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ မြန်မာစစ်တပ်ဟာ ဗန်းမော်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေသလို မံစီဘက်ကိုပါ ထိုးစစ်ဆင်ဖို့ ကြိုးပမ်းနေတာလို့ ယူဆကြောင်း ဘီဘီစီကိုပြောပါတယ်။

    '' ခလရ ၄၇ ဘက်မှာပြင်းထန်လာတယ်ဆိုတော့ သူတို့ ( စစ်တပ်) ရဲ့ ရည်ရွယ်ချက်ကတော့ မံစီဘက်ပေါ့၊ သူတို့ရဲ့ တပ်စခန်းတွေနဲ့ မံစီကိုပြန်ထိန်းချုပ်နိုင်ဖို့အတွက် ထိုးစစ်တွေရှိနေတော့ ဒါက မံစီကို ဦးတည်တာလို့ ကျွန်တော်တို့ သုံးသပ်ပါတယ်'' လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

    လက်ရှိမှာ ဗန်းမော်တိုက်ပွဲကနေ့စဥ်ပြင်းထန်နေသလို ဗန်းမော် တောင်ဘက်နဲ့ မံစီအနီးက ကုန်းမဟတ်၊ ဟန်းတဲနဲ့ တိမ်ကုန်း စတဲ့နေရာတွေမှာ တိုက်ပွဲတွေရှိနေတယ်လို့ နားလည်ရပါတယ်။

    ကချင်ပြည်နယ် ဗန်းမော်မြို့အနီးက မံစီမြို့ ကို ကချင်လွတ်လပ်ရေးတပ် (KIA) နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၅ ဇန်န၀ါရီ က စစ်တပ်လက်ထဲကနေ သိမ်းယူထားတာဖြစ်ပါတယ်။

    '' ကျွန်တော်တို့အတွက်တော့ မံစီက အရေးကြီးလို့သိမ်းထားတာဖြစ်ပါတယ်။ အသက်ပေးပြီးသိမ်းထားတာဖြစ်ပါတယ်။ ရွှေဘို၊ဆင်ခန်းဘက်ကို ဆက်သွယ်ထားတဲ့နေရာလည်းဖြစ်ပါတယ်။ ဆင်းခန်းတံတားနဲ့ဆက်သွယ်ထားတဲ့မြို့လည်းဖြစ်တော့ အရေးကြီးပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့လည်းကြိုးစားတာဖြစ်ပါတယ်'' လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

    မံစီမြို့ဟာ ဗန်းမော်မြို့နဲ့ ၁၀ မိုင်ခန့်ဝေးပြီး မန္တလေး၊ နမ့်ခမ်း၊ မူဆယ်၊ မိုးမိတ် စတဲ့မြို့တွေကို ဆက်သွယ်ထားတဲ့ လမ်းမပေါ်မှာရှိတာကြောင့် ကုန်းတွင်းပိုင်းဆက်သွယ်ရေးအတွက် အရေးပါတဲ့မြို့လည်း ဖြစ်ပါတယ်။

    မံစီမြို့ဟာ ဗန်းမော်မြို့ရဲ့ လုံခြုံရေးအတွက် အရေးပါတဲ့ မြို့တစ်မြို့လို့ နားလည်ရပါတယ်။ ကချင်ပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးမြို့လို့ဖြစ်နေတဲ့ ဗန်းမော်မှာ သင်္ဘောဆိပ်နဲ့ လေဆိပ်တို့ရှိတာကြောင့် မံစီဟာ ဗန်းမော်မြို့ရဲ့ လုံခြုံရေးကို ကာကွယ်ပေးတဲ့ အရေးပါတဲ့ မြို့ တစ်ခုလည်း ဖြစ်ပါတယ်။

    စစ်တပ်က KIA နဲ့ ပူးပေါင်းတပ်တွေ နေရာယူထားတဲ့ နေရာတွေကို စစ်မျက်နှာ ၃ ခု ကနေ မြေပြင်စစ်ကြောင်းထိုး တိုက်ခိုက်တာအပြင် ဒရုန်း၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေပါ လုပ်ဆောင်နေတယ်လို့ သူက ဆိုပါတယ်။

    ကချင်စစ်ရေးသတင်းရင်းမြစ်ကတော့ စက်တင်ဘာလဆန်းပိုင်းမှာ မန္တလေးဘက်ကနေ စစ်တပ်ရဲ့ စစ်သင်္ဘောတချို့ ဗန်းမော်ကို ရောက်ရှိလာပြီးနောက် ထိုးစစ်အရှိန် မြှင့်လာတာလို့ ပြောပါတယ်။

    ဗန်းမော်မြို့ဟာ ဧရာဝတီမြစ်ကြောင်းပေါ်မှာ ရှိပြီး ကုန်းလမ်း၊ ရေလမ်း သယ်ယူပို့ဆောင်ရေးအတွက် အချက်အချာကျတဲ့မြို့ ဖြစ်ပါတယ်။ တရုတ်နယ်စပ်နဲ့ ဆက်သွယ်သွားလာရေးအတွက်လည်း အရေးပါသလို KIA/KIO အတွက်လည်း စစ်ရေးဗျူဟာအရ အရေးကြီးတဲ့ မြို့တစ်မြို့ဖြစ်တာကြောင့် KIA နဲ့ ပူးပေါင်းတပ်တွေက မြို့ကိုထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတာ ၂ နှစ်တာကာလကိုရောက်ရှိလာပြီဖြစ်ပါတယ်။

    စစ်တပ်ဘက်ကတော့ ဗန်း‌မော်၊မံစီဘက်က စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

  6. မင်္ဂလာပါ။

    အောက်တိုဘာ ၂၃ ရက် နောက်ဆုံးရသတင်းတွေကို အခုစာမျက်နှာမှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။​

    ဆက်လက်ဖတ်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်။