တိုက်ရိုက်ထုတ်လွှင့်မှု, ဒိန်းမတ်ဥပဒေသစ်နဲ့ မြန်မာစစ်တပ်ကို ပထမဆုံး ရာဇဝတ်မှုတိုင်ကြားချက် တင်သွင်း

ဒိန်းမတ်ဥပဒေသစ်နဲ့ မြန်မာစစ်တပ်ကို ပထမဆုံး ရာဇဝတ်မှုတိုင်ကြားချက် တင်သွင်း၊ ဟယ်ရီကိန်း ဘလွန်းဒီအော် ဆုရရှိတဲ့သတင်းအပါအဝင် ကမ္ဘာနဲ့နိုင်ငံတဝန်းထူးခြားသတင်းတွေကိုတင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • ဘိုင်ယန်မြူးနစ်နဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ၂၀၀၁ ခုနှစ် မိုက်ကယ်အိုဝင်နောက်ပိုင်း ဘလွန်းဒီအော်ဆုရရှိတဲ့ ပထမဆုံး အင်္ဂလန်ကစားသမား ဖြစ်လာ။
  • ဟယ်ရီကိန်း ဟာ ဘလွန်းဒီအော်ဆုကို ၂၅ နှစ်အတွင်း ပထမဆုံးရရှိတဲ့ အင်္ဂလန်ကစားသမားဖြစ်လာပြီး အမျိုးသမီးဆုကိုတော့ အဲလက်စီယာ ပူတဲလက်စ် က ရရှိ။
  • လာမင်းယာမယ်လ် နဲ့ ဗစ်ကီ လိုပက်ဇ် တို့က လူငယ်ထူးချွန်ကစားသမားဆုတွေ ရရှိ။
  • ဒိန်းမတ်မှာ ခိုလှုံနေတဲ့ မြန်မာအမျိုးသမီးတစ်ဦးက ဒိန်းမတ်ဥပဒေသစ်နဲ့ မြန်မာစစ်တပ်ကို ပထမဆုံး ရာဇဝတ်မှုတိုင်ကြားချက် တင်သွင်းခဲ့။
  • အင်းတော်မြို့နယ်ထဲမှာ အင်အားဆယ်ချီပါတဲ့စစ်တပ်စစ်ကြောင်း တော်လှန်ရေးပူးပေါင်းတပ်တွေထံ လက်နက်ချတယ်လို့ဆို
  • ကျင်ဒွေးမှာ စစ်တပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ကျင်ဒွေးအနီးက လောင်းရှည် ကပစ ၂၆ ကို စစ်အင်အားဖြည့်တင်းနေ
  • အာဆီယံအထူးသံတမန် ဖိလစ်ပိုင်နိုင်ငံခြားရေး၀န်ကြီး မာ ထရီဆာ လာဇာရို နေပြည်တော်သွားမယ်
  • ပေါက်မှာ ဖမ်းဆီးထားတဲ့ စစ်သားနဲ့ရဲ ၁၆ ဦးကို ခေါ်ထုတ်သွားတဲ့ PDF ရဲ‌ဘော်တစ်ဦးကို စစ်သုံ့ပန်းတချို့နဲ့အတူ ပြန်ဖမ်းမိ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ပေါက်မှာ ဖမ်းဆီးခံ စစ်သားနဲ့ရဲ ၁၆ ဦးကို ခေါ်ထုတ်သွားတဲ့ PDF တစ်ဦး ပြန်အဖမ်းခံရ

    ပေါက်မြို့အဝင်ဆိုင်းဘုတ် (ပုံဟောင်း)

    မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းတွေထဲက ၁၅ ဦးထက်မနည်းကို ခေါ်ထုတ်သွားတဲ့ ပေါက်အခြေစိုက် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ဝင် (PDF) တစ်ဦးကို ‌တော်လှန်ရေးပူး‌ပေါင်းတပ်တွေက စစ်သုံ့ပန်းတချို့နဲ့အတူ ပြန်ဖမ်းမိထားတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

    “ပေါက်နဲ့ ဆောမြို့တို့ကြား တစ်နေရာမှာ ပြန်ဖမ်းမိတာ” လို့ သူကပြောပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လက်အောက်ခံတပ်တွေနဲ့ ဒေသအခြေစိုက်တပ်တို့ ပူးပေါင်းချိတ်ဆက်ပြီး ဖမ်းဆီးရေး လုပ်‌ဆောင်နေတာလို့ သူက ဆက်ပြောပါတယ်။

    လက်ရှိမှာ PDF ရဲဘော်တစ်ဦးအပါအဝင် စစ်သုံပန်း ၁၀ ဦးကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖမ်းမိထားပြီး အောက်တိုဘာ ၂၁ ရက်မှာ ထွက်ပြေးခဲ့တဲ့ဖြစ်စဉ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်‌ဆေးနေတယ်လို့ ဒီအခြေအနေကိုသိတဲ့ စစ်‌ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    “နောက်ထပ် သုံ့ပန်း ၇ ဦး လွတ်မြောက်နေသေးတယ်” လို့ သူက ဆိုပါတယ်။

    စစ်သုံ့ပန်းတွေကို ခေါ်ထုတ်သွားတဲ့ PDF ရဲဘော်ဟာ မကွေးတိုင်းအခြေစိုက် ဆေးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တယ်လို့ သတင်းရင်းမြစ်က ဖြည့်ပြောပါတယ်။

    ဒီဖြစ်စဉ်မှာ စစ်သုံ့ပန်းတွေကို စောင့်ကြပ်နေတဲ့တော်လှန်‌‌ရေးတပ်ဖွဲ့ဝင် ၃ ဦးကိုလည်း ဓားစာခံအနေနဲ့ ဖမ်းဆီးပြီး လက်နက်တချို့လည်း ယူ‌ဆောင်သွားတယ်လို့ တော်လှန်ရေးတပ်တချို့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

    ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံလိုက်ရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦးကိုတော့ လမ်းခုလတ်မှာ လက်တွေ ကြိုးတုပ်လျက်သားနဲ့ ပြန်တွေ့ရှိထားတယ်လို့ သူက ရှင်းပြပါတယ်။

    ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ပေါက်အခြေစိုက်တပ်ဖွဲ့တချို့ကို ဘီဘီစီက စာပို့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖြေဆိုဖို့ ငြင်းဆိုပါတယ်။

    ပေါက်‌တောင်ပိုင်းမှာ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းက ပခုက္ကူမြို့နယ် မြစ်ခြေတိုက်ပွဲတွေအတွင်း ဖမ်းမိထားတဲ့ စစ်တပ်ရဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့လည်း သိရပါတယ်။

    စစ်သုံ့ပန်းတွေကို ခေါ်ထုတ်သွားတဲ့ PDF တစ်ဦးကို စစ်သုံ့ပန်းတချို့နဲ့အတူ ပြန်ဖမ်းမိထားတဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဒီနေ့ နေ့လယ်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။

    မြန်မာစစ်တပ်ကလည်း ပေါက်တောင်ပိုင်းမှာ ဖမ်းဆီးခံထားရတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ပတ်သက်လို့ ဒီနေ့အထိ ထုတ်ပြောတာမရှိသေးပါဘူး။

  2. အာဆီယံအထူးသံ နေပြည်တော်သွားဖို့ရှိ

    ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်တုန်းက ဖိလစ်ပိုင်က အာဆီယံနိုင်ငံခြားရေး၀န်ကြီးများ ဆက်စပ်အစည်း၀ေးပွဲတစ်ခုမှာ မိန့်ခွန်းပြောနေတဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေး၀န်ကြီး
    ဓာတ်ပုံ ပုံစာ, ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်တုန်းက ဖိလစ်ပိုင်က အာဆီယံနိုင်ငံခြားရေး၀န်ကြီးများ ဆက်စပ်အစည်း၀ေးပွဲတစ်ခုမှာ မိန့်ခွန်းပြောနေတဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေး၀န်ကြီး

    မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးသံတမန် တာ၀န်ယူထားတဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေး၀န်ကြီး မာ ထရီဆာ လာဇာရိုဟာ မနက်ဖြန်မှာ နေပြည်တော်ကို သွားဖို့ရှိတယ်ဆိုပြီး ထိုင်းသတင်းဌာန PBS က သံတမန်သတင်းရင်းမြစ်တွေကို ကိုးကား သတင်းဖော်ပြပါတယ်။

    အထူးသံဟာ မြန်မာဆီ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပိုရောက်ရေး ဆွေးနွေးဖို့ မနက်ဖြန်မှာ နေပြည်တော်သွားမှာဖြစ်ပြီး ၂၉ ရက်အထိ မြန်မာမှာ ရှိမယ်လို့ သတင်းက ဆိုပါတယ်။

    အထူးသံဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်မှာ ဖြစ်ပြီး နေပြည်တော်အစိုးရအကြီးတန်း တာ၀န်ရှိသူတွေနဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ သတင်းက ဖော်ပြပါတယ်။

    အဲဒီခရီးစဉ်မှာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ အခြေစိုက်တဲ့ အာဆီယံရုံးက သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ညှိနှိုင်းရေးစင်တာ(AHA Centre) က အကြီးတန်းတာဝန်ရှိသူတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေလည်း ပါဝင်မယ်လို့ဆိုပါတယ်။

    လာဇာရိုနဲ့ AHA Centre အဖွဲ့ဟာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ အဖွဲ့အစည်းအသီးသီးက ဒေသန္တရ ကယ်ဆယ်ရေးတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်တွေကို ဆွေးနွေးဖို့လည်းရှိတယ်လို့ ဆိုပါတယ်။

    နှစ်ရက်ကြာ အခုခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ကို အာဆီယံဘက်က တောင်းထားလားဆိုတာကိုတော့ စီစဉ်ထားတာမရှိဘူးလို့ သတင်းရင်းမြစ်တွေက ပြောတဲ့အကြောင်း PBS သတင်းက ရေးပါတယ်။

    အထူးသံဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေး၀န်ကြီးတွေရဲ့မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲအပြီးကတည်းက နေပြည်တော်ကို သွားဖို့ရှိတယ်လို့ ပြောထားတာဖြစ်ပါတယ်။

    စစ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အထူးသံနဲ့တွေ့ဆုံခွင့်ပေးဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာ၀န်ယူထားတဲ့ဖိလစ်ပိုင်နိုင်ငံက အကြိမ်ကြိမ်တောင်းဆိုထားပါတယ်။

    နေပြည်တော်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူကို ၅ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ဖုန်းပြောခွင့်ပေးတာ၊ နောက် ချားလ်စ် ဘုရင်က လက်ဆောင်ပေးတယ်လို့ဆိုတဲ့စာအုပ်တွေကို ဒေါ်အောင်ဆန်းစုကြည်ဆီ သွားပို့တာတွေ ပြုလုပ်ထားပါတယ်။

    ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက်ကတော့ နေပြည်တော်ဘက်က အခုလုပ်ဆောင်ချက်တွေဟာ တိုးတက်မှုလက္ခဏာတွေအဖြစ် မြင်ရတယ်လို့ ပြောထားပါတယ်။

    နယ်စပ်မှာ ကီလိုမီတာထောင်ချီ နယ်မိတ်ချင်း ထိစပ်နေတဲ့ ထိုင်းဟာ မြန်မာ့အကျပ်အတည်း ဖြေရှင်းဖို့ဆိုပြီး မြန်မာ့အစုအဖွဲ့တွေနဲ့ တွေ့ဆုံထားပေမဲ့ ဒါဟာ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အောက်ကနေ လုပ်ဆောင်နေတာလို့ ပြောထားပါတယ်။

  3. ကျင်ဒွေးမှာ အေအေပါ၀င်တဲ့ပူးပေါင်းတပ်တွေနဲ့ စစ်တပ် တိုက်ပွဲပြင်းထန်, စစ်တပ်က အင်အားဖြည့်နေ

    ကျင်ဒွေးမြို့အဝင် ဆိုင်းဘုတ်(ပုံဟောင်း)

    ချင်းပြည်နယ်မှာ ချင်းတော်လှန်ရေးတပ်နဲ့ အာရက္ခတပ်တော်(အေအေ)တို့ ပူးပေါင်းထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့နယ်ထဲက ကျင်ဒွေးမြို့မှာ စစ်တပ်က စစ်ကြောင်းထိုးနေပြီး အေအေတပ်နဲ့ ပူးပေါင်းတပ်တွေကလည်း ခုခံတိုက်ခိုက်နေတာကြောင့် နှစ်ဘက်တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

    နှစ်ဖက်တိုက်ခိုက်မှုအတွင်း စစ်တပ်ရဲ့ စစ်ကြောင်းဘက်မှာလည်း အထိအခိုက်များတယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    စစ်တပ်ဘက်က ကျင်ဒွေးနယ်ထဲမှာ စစ်အင်အားဖြည့်ဖို့ ကျင်ဒွေးနယ်နဲ့ထိစပ်နေတဲ့ လောင်းရှည်မြို့နယ်အခြေစိုက်ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၅) ထဲကို စစ်တပ်က အင်အားတွေ ဖြည့်တင်းနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    “အင်အားဖြည့်တာ တစ်လအတွင်း ၂ ကြိမ် မကတော့ဘူး”လို့ သူက ဖြည့်ပြောပါတယ်။

    လောင်းရှည်ရွာဟာ ကျင်ဒွေးမြို့နဲ့ မိုင် ၃၀ ကျော်သာ ကွာဝေးတာ ဖြစ်ပါတယ်။

    စစ်တပ်ရဲ့ မင်းဘူးအခြေစိုက်တပ်ကနေ မနေ့ အောက်တိုဘာ ၂၆ ရက်က စစ်ယာဉ်တန်းနဲ့ အင်အားဖြည့်တင်းဖို့ထွက်လာတာဖြစ်တယ်လို့ စစ်တပ်အင်အားဖြည့်တင်းမှူကို စောင့်ကြည့်နေတဲ့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

    အဲဒီယာဉ်တန်းဟာ မကွေးတိုင်းထဲက “စလင်းနဲ့ ပွင့်ဖြူနယ်တွေကို ဖြတ်သွားပြီ။ လောင်းရှည် ကပစကို ဦးတည်နေတာ” လို့ သူက ထပ်ပြောပါတယ်။

    စစ်တပ်ကလည်း တိုက်ပွဲဖြစ်နေတဲ့ ကျင်ဒွေးမြို့အပါအဝင် ကန်ပက်လက်မြို့နယ်ထဲက တော်လှန်ရေးတပ်တွေ တပ်စွဲထားတယ်လို့ ယူဆတဲ့နေရာတချို့ကို လေကြောင်းကနေ တိုက်ခိုက်မှုတွေလုပ်နေတယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ဆိုပါတယ်။

    အေအေကတော့ ကန်ပက်လက်မြို့နယ်ထဲက တချို့နေရာတွေမှာ စစ်တပ်နဲ့ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတာရှိတယ်လို့ ပြီးခဲ့တဲ့လတွေကတည်းက ပြောထားပါတယ်။

    မြန်မာစစ်တပ်ကတော့ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲက စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ သတင်း မထုတ်ပြန်သေးပါဘူး။

  4. အင်္ဂလန်ရဲ့ ဘလွန်းဒီအော်ဆု စောင့်ဆိုင်းမှုကို ဟယ်ရီကိန်း ဘယ်လို အဆုံးသတ်ခဲ့လဲ

    ဟယ်ရီကိန်း ပြောတဲ့ ဘလွန်းဒီအော်ဆု စောင့်ဆိုင်းမှု
    ဓာတ်ပုံ ပုံစာ, ဟယ်ရီကိန်း ပြောတဲ့ ဘလွန်းဒီအော်ဆု စောင့်ဆိုင်းမှု

    "လူအများကြီးက ဒီလိုဖြစ်လာမယ်လို့ မထင်ခဲ့ကြပါဘူး။ ကျွန်တော်ကိုယ်တိုင်တောင် ဒီလောက်အထိ ရောက်လာမယ်လို့ ထင်ခဲ့တာ မဟုတ်လောက်ပါဘူး" လို့ ကိန်းက ဒါဇန် အွန်လိုင်းအားကစားထုတ်လွှင့်မှု ကို ပြောပါတယ်။

    "ကျွန်တော့်ကစားသမားဘဝအစပိုင်းမှာ အတက်အကျတွေ အများကြီးကို ဖြတ်သန်းခဲ့ရပါတယ်။ အခုခေတ် ကစားသမားတချို့လို စူပါစတားဖြစ်လာမယ်လို့ လူတွေက မျှော်လင့်ထားတဲ့သူမျိုး ကျွန်တော် မဟုတ်ခဲ့ပါဘူး။

    ဟယ်ရီကိန်း ပြောတဲ့ ဘလွန်းဒီအော်ဆု စောင့်ဆိုင်းမှုကို ဒီလင်ခ့် မှာဖတ်နိုင်ပါပြီ။

  5. အင်းတော်မြို့နယ်တိုက်ပွဲမှာ လက်နက်ချတဲ့စစ်သားဆယ်ချီရှိတယ်လို့ဆို, စစ်တပ်က မြို့နယ်ထဲ လေကြောင်းတိုက်ခိုက်မှု တိုးလုပ်

    ၂၀၂၅ ဧပြီတုန်းက လေကြောင်းတိုက်ခိုက်ခံလိုက်ရတဲ့ အင်းတော်မြို့နယ်တစ်နေရာ
    ဓာတ်ပုံ ပုံစာ, ၂၀၂၅ ဧပြီတုန်းက လေကြောင်းတိုက်ခိုက်ခံလိုက်ရတဲ့ အင်းတော်မြို့နယ်တစ်နေရာ

    စစ်ကိုင်းအထက်ပိုင်း၊ အင်းတော်မြို့နယ်ထဲမှာ အင်အားဆယ်ချီပါတဲ့စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေကြား မနေ့က တိုက်ပွဲပြင်းထန်ခဲ့ပြီးတဲ့နောက်မှာ စစ်တပ်ဘက်က စစ်ကြောင်းလိုက် လက်နက်ချခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်နှစ်ဦးက ပြောပါတယ်။

    လက်နက်ချတဲ့သူတွေထဲ ဗျူဟာမှူးအဆင့်ရှိသူအပါအ၀င် အင်အား ဆယ်နဲ့ချီ ပါ၀င်တယ်လို့ သတင်းရင်းမြစ်တွေကပြောပါတယ်။

    မြေပြင်တော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးကတော့ လက်နက်ချသူ အင်အား ၁၀၀ ၀န်းကျင်ရှိတယ်လို့ ပြောပေမဲ့ ဒီအရေအတွက်ကို ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

    အင်းတော်နဲ့ ထီးချိုင့်ကြားက မဲဇာရွာကြီးရဲ့ အောက်ဘက် ကျောင်းကုန်းရွာအနီးမှာ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ပြီးတဲ့နောက်မှာ ဒီအခြေအနေတွေဖြစ်လာတာလို့ သတင်းရင်းမြစ်က ပြောပါတယ်။

    ဒီစစ်ကြောင်းဟာ “အင်းတော်ကနေ ဝန်းသိုကို ထိုးမယ့် စစ်ကြောင်းတွေထဲက တစ်ကြောင်း” လို့လည်း သူသိထားရတဲ့အချက်ကို သတင်းရင်းမြစ်က ဖြည့်ပြောပါတယ်။

    စစ်တပ်က အင်းတော်-ဝန်းသို ခရိုင်ချင်းဆက်လမ်းနဲ့ ရထားလမ်းကြောင်းတွေကို အပြည့်အဝပြန်စိုးမိုးနိုင်ရေးအတွက် အင်းတော်နယ်ထဲကနေ ဝန်းသိုဘက် ဦးတည်နေတဲ့စစ်ကြောင်းတွေ လွှတ်နေတာလို့ မြေပြင်အခြေအနေသိသူ နောက်တစ်ဦးကလည်း ပြောပါတယ်။

    ကချင်လွတ်လပ်ရေးတပ်(KIA)၊ အမျိုးသားညီညွတ်‌ရေးအစိုးရ(NUG) ရဲ့အထူးလှုပ်ရှားတပ်မတပ်ဖွဲ့(MDY PDF) တို့အပြင် အခြားပူးပေါင်းတပ်တွေ ပူးပေါင်းပြီး စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ကြတာလို့ သူက ပြောပါတယ်။

    စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရတဲ့ မနေ့ကစလို့ ဒီနေ့ အောက်တိုဘာ ၂၇ ရက်မနက်ပိုင်းအထိ စစ်တပ်က အင်းတော်နယ်ထဲ တိုက်လေယာဉ်တွေနဲ့ ကင်းပတ်စောင့်ကြည့်တာနဲ့ လေကြောင်းကနေ ဗုံးကြဲချတာတွေ တိုးလုပ်နေတယ်လို့လည်း သူက ပြောပါတယ်။

    ဒါကြောင့် ရွာတွေထဲ လေကြောင်းဗုံးကျလို့ နေအိမ်တွေ မီးလောင်ပျက်စီးမှုတွေရှိတယ်လို့ သူက ဆိုပါတယ်။

    စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထီးချိုင့်-အင်းတော်လမ်းပိုင်းတလျှောက်နဲ့ မြို့၂ မြို့ကြားထဲက ရွာ ၁၅ ရွာထက်မနည်းက ဒေသခံထောင်နဲ့ချီဟာလည်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သူက ပြောပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ထိန်းချုပ်ထားတဲ့ အင်းတော်မြို့ကို စစ်တပ်က ၂၀၂၆ ဧပြီလကုန်ပိုင်းမှာ ပြန်ထိန်းချုပ်ခဲ့ပြီး မြို့နယ်ထဲကတချို့နေရာတွေမှာ KIA၊ PDF ပူးပေါင်းတပ်တွေက ခြေကုပ်ယူပြီး စစ်ဆိုင်ထားကြတာဖြစ်ပါတယ်။

    စစ်တပ်ကလည်း အင်းတော်အပြင် နယ်ချင်းထိစပ်နေတဲ့ ဝန်းသိုမြို့နယ်ကိုပါ ပြန်ရဖို့ စစ်ကြောင်းတွေထိုးပြီး ထိုးစစ်ဖော်နေတာဖြစ်ပါတယ်။

    စစ်တပ်ရဲ့စစ်ကြောင်းလိုက် လက်နက်ချတဲ့အခြေအနေနဲ့ပတ်သက်လို့ KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဘီဘီစီက ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

    မြန်မာစစ်တပ်ကတော့ အင်းတော်နယ်ထဲက စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ ဒီနေ့ မနက်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။

  6. ၁၄ နှစ်ကြာ အာဏာယူထားတဲ့ ရုရှားယိမ်းသမ္မတကို ဆားဘီးယားကျောင်းသားတွေ ဘယ်လိုဖယ်ရှားခဲ့လဲ

    လွှတ်တော်ထဲရောက်အောင်ပို့ဖို့ ရည်ရွယ်ပြီး အမတ်လောင်းစာရင်းကို ကျောင်းသားတွေ ကိုယ်တိုင် ရွေးချယ်ခဲ့ကြပြီး အခုတော့ ဒီအမတ်လောင်းတွေ အနိုင်ရလို့ ကျောင်းသားတွေရော၊ ထောက်ခံသူတွေပါ အောင်ပွဲခံနေကြ
    ဓာတ်ပုံ ပုံစာ, လွှတ်တော်ထဲရောက်အောင်ပို့ဖို့ ရည်ရွယ်ပြီး အမတ်လောင်းစာရင်းကို ကျောင်းသားတွေ ကိုယ်တိုင် ရွေးချယ်ခဲ့ကြပြီး အခုတော့ ဒီအမတ်လောင်းတွေ အနိုင်ရလို့ ကျောင်းသားတွေရော၊ ထောက်ခံသူတွေပါ အောင်ပွဲခံနေကြ

    ဆားဘီးယားကျောင်းသားတွေဟာ ရုရှားယိမ်း သမ္မတ အလက်ဇန္ဒား ဗူချစ်ရဲ့ ၁၄ နှစ်ကြာ နိုင်ငံရေးလွှမ်းမိုးမှုကို ရွေးကောက်ပွဲကနေတဆင့် ဖြိုချနိုင်ခဲ့ပြီဖြစ်ပါတယ်။

    အစိုးရရဲ့အဂတိလိုက်စားမှုနဲ့ ပေါ့ဆမှုတွေကို ကျောင်းသားတွေ နေ့စဥ်နီးပါး လမ်းတွေပေါ်တက်ပြီး ဆန္ဒပြရာကနေ ကျောင်းသားတွေရဲ့လှုပ်ရှားမှုဟာ တစ်နိုင်ငံလုံးအဆင့် ဆန့်ကျင်ကြတဲ့အမျိုးသားလှုပ်ရှားမှုတစ်ခုအဖြစ် မွေးဖွားခဲ့ပါတယ်။​

    ရွေးကောက်ပွဲ ၀င်မပြိုင်ဘဲ ကျောင်းသားတွေ ရွေးကောက်ပွဲ ဘယ်လိုနိုင်ခဲ့ပြီး သမ္မတကို ဖြုတ်ချနိုင်ခဲ့တာလဲ။

    အပြည့်အစုံကို ဒီလင့်ခ် ကနေ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  7. ဒိန်းမတ်ဥပဒေသစ်နဲ့ မြန်မာစစ်တပ်ကို ပထမဆုံး ရာဇဝတ်မှုတိုင်ကြားချက် တင်သွင်း

    ချင်းပြည်နယ်၊ထန်တလန်မြို့ မီးရှို့ခံရမှု
    ဓာတ်ပုံ ပုံစာ, ချင်းပြည်နယ်၊ထန်တလန်မြို့ မီးရှို့ခံရမှု

    ဒိန်းမတ်နိုင်ငံမှာ ခိုလှုံခဲ့တဲ့ မြန်မာအမျိုးသမီးတစ်ဦးဟာ နိုင်ငံတကာရာဇဝတ်မှုတွေကို တရားစွဲဆိုနိုင်ဖို့ ပြဋ္ဌာန်းထားတဲ့ ဒိန်းမတ်ဥပဒေသစ်နဲ့ မြန်မာစစ်တပ် ကို ပထမဆုံး ရာဇဝတ်မှုတိုင်ကြားချက် တနင်္လာနေ့မှာ တင်သွင်းခဲ့တယ်လို့ အမေရိကန်အခြေစိုက် Courthouse News Service သတင်းဌာနက ဖော်ပြပါတယ်။

    တိုင်ကြားသူ အမျိုးသမီးဟာ မြန်မာစစ်တပ်က သူ့ရွာမှာ နေအိမ် ၄၀ ကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ‌ပြောင်း‌ရွှေ့ခိုလှုံခဲ့ရသူဖြစ်ပါတယ်။

    ဒိန်းမတ်နိုင်ငံရဲ့ ဒီဥပဒေသစ်ဟာ ပြီးခဲ့တဲ့နှစ်က စတင်အသက်ဝင်ခဲ့တာဖြစ်ပြီး စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ဘယ်နေရာမှာ ကျူးလွန်ခဲ့သည်ဖြစ်စေ တရားစွဲဆိုနိုင်ဖို့ ခွင့်ပြုထားတဲ့ ဥပဒေ ဖြစ်ပါတယ်။

    အဲဒီအမျိုးသမီးဟာ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ချင်းပြည်နယ်မှာ စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေ ဆုံးရှုံးခဲ့ရပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေနဲ့အတူ အိန္ဒိယနိုင်ငံကို ထွက်ပြေးခဲ့ရတယ်လို့ ပြောပါတယ်။

    သူဟာ လွန်ခဲ့တဲ့ သုံးနှစ်က ဒိန်းမတ်နိုင်ငံကို ရောက်ရှိလာခဲ့တာဖြစ်ပြီး စစ်တပ်ရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကို ခံရမှာစိုးရိမ်တဲ့အတွက် အမည်မဖော်ဘဲ တိုင်ကြားခဲ့တာဖြစ်ပါတယ်။

    အဲဒီအမျိုးသမီးက သူ့ရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေအတွက် လက်ရှိ မြန်မာစစ်အာဏာသိမ်းအုပ်စုဝင်တွေကို တာဝန်ရှိသူတွေအဖြစ် စွပ်စွဲထားပြီး လက်ရှိသမ္မတရာထူးယူထားတဲ့ စစ်ခေါင်း‌ဆောင်ဟောင်း ဦးမင်းအောင်လှိုင်ကိုလည်း ထည့်သွင်း တိုင်ကြားထားပါတယ်။

    သူ့ကို ကူညီပေးနေတဲ့ Myanmar Accountability Project အဖွဲ့ရဲ့ ဒါရိုက်တာ ခရစ္စတိုဖာ ဂန်းနက်စ်ကတော့ ဒိန်းမတ်ဥပဒေသစ်ဟာ မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေအတွက် တာဝန်ခံမှုရှိလာစေရေး ကြိုးပမ်းနိုင်မယ့် တရားရေးလမ်းကြောင်းတစ်ခု ဖွင့်ပေးတယ်လို့ ပြောပါတယ်။

    ကုလသမဂ္ဂကလည်း မြန်မာစစ်တပ်ဟာ နိုင်ငံတစ်ဝန်း အကြမ်းဖက်မှုတွေကို ဆက်လက်ကျူးလွန်နေတယ်လို့ မကြသေးခင်က သူတို့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဒါ‌‌ပေမဲ့ နေပြည်တော်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အစီရင်ခံစာဟာ ဘက်လိုက်ပြီး အချက်အလက်တွေ မှန်ကန်မှုမရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ကန့်ကွက်ပယ်ချထားပါတယ်။

    အစီရင်ခံစာကို သက်ဆိုင်ရာနိုင်ငံရဲ့သဘောတူညီချက်မပါဘဲ အတည်ပြုတာဟာ အချုပ်အခြာအာဏာတန်းတူညီမျှမှုနဲ့ ဘက်လိုက်မှု ကင်းရှင်းရေးမူတွေကို ထိခိုက်စေတယ်လို့ ဝေဖန်ထားပါတယ်။

    ဒါကြောင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့အစီရင်ခံစာတစ်ခုလုံးနဲ့ အဲဒီထဲက အချက်အလက်တွေအပေါ် သဘောမတူကြောင်း၊ အစီရင်ခံစာကို ကန့်ကွက်ပယ်ချကြောင်း ကြေညာတယ်လို့ဆိုပါတယ်။

  8. ၂၀၂၆ ဘလွန်းဒီအော်ဆုပေးပွဲ တစ်နှစ်တာ ဆုရရှိသူများ

    • အမျိုးသား ဘလွန်းဒီအော်ဆု – ဟယ်ရီကိန်း
    • အမျိုးသမီး ဘလွန်းဒီအော်ဆု – အဲလက်စီယာ ပူတဲလက်စ်
    • အမျိုးသား တစ်နှစ်တာအကောင်းဆုံး တိုက်စစ်မှူးဆု – ဟယ်ရီကိန်း
    • အမျိုးသမီး တစ်နှစ်တာအကောင်းဆုံး တိုက်စစ်မှူးဆု – ချာလင်းကော်ရယ်လ်
    • အမျိုးသား တစ်နှစ်တာအကောင်းဆုံးကလပ်အသင်းဆု – ပဲရစ်စိန့်ဂျာမိန်း (PSG)
    • အမျိုးသမီး တစ်နှစ်တာအကောင်းဆုံး ကလပ်အသင်းဆု – ဘာစီလိုနာ
    • ဆိုကရေးတီးဆု – ဘူကာယို ဆာကာ
    • အမျိုးသား တစ်နှစ်တာအကောင်းဆုံး ဂိုးသမားဆု – အူနိုင်း ဆီမွန်
    • အမျိုးသမီး တစ်နှစ်တာအကောင်းဆုံး ဂိုးသမားဆု – ကာတာ ကိုလ်
    • အမျိုးသား တစ်နှစ်တာအကောင်းဆုံး နည်းပြဆု – လူးဝစ် ဒီလာဖွန်းတေး
    • အမျိုးသမီး တစ်နှစ်တာအကောင်းဆုံး နည်းပြဆု – ပဲရေ ရိုမူး
    • အမျိုးသား တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆု – လာမင်း ယာမယ်လ်
    • အမျိုးသမီး တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆု – ဗစ်ကီ လိုပက်ဇ်

    ဆိုကရေးတီးဆုကိုတော့ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းတွေနဲ့ လူမှုရေးအစီအစဉ်တွေမှာ ပါဝင်ဆောင်ရွက်မှုအတွက် ပေးအပ်တာ ဖြစ်ပါတယ်။

  9. ဘလွန်းဒီအော် (Ballon d’Or) ဆိုတာ ဘာဆုလဲ

    ဘလွန်းဒီအော် (Ballon d’Or) ဆုဟာ ပြင်သစ်ဘောလုံးမဂ္ဂဇင်း France Football က ၁၉၅၆ ခုနှစ်ကတည်းက ချီးမြှင့်လာတဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုတစ်ခု ဖြစ်ပါတယ်။

    သတ်မှတ်ထားတဲ့ ဘောလုံးရာသီအတွင်း ကစားသမားတွေရဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်၊ အသင်းအတွက် ပါဝင်ပံ့ပိုးမှုနဲ့ အောင်မြင်မှုတွေကို အခြေခံပြီး နိုင်ငံတကာဘောလုံးသတင်းထောက်တွေက မဲပေးရွေးချယ်ကြတာ ဖြစ်ပါတယ်။

    အမျိုးသားနဲ့ အမျိုးသမီး ကစားသမားတွေအတွက် သီးခြားဆုတွေ ချီးမြှင့်ပါတယ်။

  10. ဟယ်ရီကိန်း ဘလွန်းဒီအော်ဆုရ, အင်္ဂလန်သားတစ်ဦး ၂၅ နှစ်အတွင်း ပထမဆုံးဆုရရှိ

    အင်္ဂလန်လက်ရွေးစင်အသင်းတိုက်စစ်မှူး ဟယ်ရီကိန်း
    ဓာတ်ပုံ ပုံစာ, အင်္ဂလန်လက်ရွေးစင်အသင်းတိုက်စစ်မှူး ဟယ်ရီကိန်း

    ဘိုင်ယန်မြူးနစ်နဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ၂၀၀၁ ခုနှစ် မိုက်ကယ်အိုဝင်နောက်ပိုင်း ဘလွန်းဒီအော်ဆုရရှိတဲ့ ပထမဆုံး အင်္ဂလန်ကစားသမား ဖြစ်လာပါတယ်။

    လန်ဒန်မြို့မှာ အောက်တိုဘာ ၂၆ ရက်က ကျင်းပတဲ့ ဘလွန်းဒီအော်ဆုပေးပွဲမှာ အသက် ၃၃ နှစ်အရွယ် ဟယ်ရီကိန်းက အမျိုးသားကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့တာပါ။

    ကိန်းဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်အတွက် ၅၁ ပွဲကစားပြီး ၆၁ ဂိုး သွင်းယူခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် သွင်းဂိုးတွေပါ ထည့်တွက်ရင် စုစုပေါင်း ၆၅ ပွဲမှာ ၇၃ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

    သူ့ရဲ့အောင်မြင်မှုကြောင့် ဘလွန်းဒီအော်ဆုရရှိတဲ့ ပဉ္စမမြောက် အင်္ဂလန်သား ဖြစ်လာခဲ့ပါတယ်။ အရင်က စတန်လေမက်သယူးစ်၊ ဘော်ဘီချာလ်တန်၊ ကီဗင်ကီဂန်နဲ့ မိုက်ကယ်အိုဝင်တို့ ဒီဆုကို ရရှိခဲ့ဖူးပါတယ်။

    အမျိုးသမီး ဘလွန်းဒီအော်ဆုကိုတော့ စပိန်ကွင်းလယ်ကစားသမား အဲလက်စီယာ ပူတဲလက်စ်က တတိယအကြိမ် ရရှိခဲ့ပါတယ်။

    သူဟာ ဘာစီလိုနာအသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူခဲ့ပြီးနောက် အင်္ဂလန်ကလပ် လန်ဒန်စီးတီးလိုင်ယွန်နက်စ်အသင်းကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။

  11. မင်္ဂလာပါ။

    အောက်တိုဘာ ၂၇ ရက် နောက်ဆုံးရသတင်းတွေကို အခုစာမျက်နှာမှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။​

    ဆက်လက်ဖတ်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်။