သြဂုတ် ၃၀ ရက်သတင်းများအနှစ်ချုပ်- ရွှေကူမှာ စစ်သင်္ဘောတွေကို KIA ဒရုန်းနဲ့တိုက်

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၇

ကချင်ပြည်နယ်၊ ရွှေကူမြို့ကနေ ဧရာ၀တီမြစ်ကို ဆန်တက်လာတဲ့ စစ်သင်္ဘော ၂ စင်းကို ကချင်လွတ်လပ်ရေးတပ်(KIA)နဲ့ပူးပေါင်းတပ်တွေက မနေ့ ဩဂုတ် ၂၉ ရက်မှာ ဒရုန်းနဲ့တိုက်ခိုက်လိုက်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အဲဒီစစ်သင်္ဘောတွေဟာ ဇင်းဘုံရွာက စစ်တပ်ခြေကုပ်စခန်းနဲ့ ဗန်းမော်မြို့အပါအဝင် ကချင်အထက်ဘက်ဒေသတွေကို စစ်ကူအင်အားပို့ဖို့လာတဲ့သင်္ဘောတွေလို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း KIA နဲ့ ပူးပေါင်းတပ်တွေ စစ်သင်္ဘောတွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတာကို ဒီနေ့ ညနေပိုင်းမှာ အတည်ပြုပါတယ်။

"သင်္ဘော ၂ စင်းလုံး ရွှေကူဘက်ကို ပြန်ဆုတ်သွားပြီ။ ထိခိုက်မှုကတော့ တိတိကျကျမသိရသေးဘူး" လို့ သူက ဆိုပါတယ်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးကတော့ စစ်သင်္ဘောတွေဟာ ရွှေကူမြို့နဲ့ မိုင် ၂၀ အကွာ ဇင်းဘုံရွာမှာ အထိုင်ချထားတဲ့ မြန်မာစစ်တပ်ရဲ့တပ်ဖွဲ့ဝင်တွေရဲ့အင်အားစောင့်ကြပ်ပေးမှုနဲ့ အခုလိုဆန်တက်လာနိုင်တာလို့ ပြောပါတယ်။

ဗိုလ်မှူးကြီးနော်ဘူကတော့ စစ်တပ်ခြေကုပ်ယူထားတဲ့ ဇင်းဘုံတပ်စခန်းကို KIA နဲ့ပူးပေါင်းတပ်တွေက မနေ့က တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

"ဇင်းဘုံက ခြေကုပ်နေရာကို အားယူပြီးတော့ပဲ စစ်သင်္ဘောတွေက တက်လာနိုင်တာ၊ ဇင်းဘုံက စစ်ရေးအရ အရေးပါတဲ့နေရာတစ်ခုဖြစ်တယ်" လို့ သူက ဆိုပါတယ်။

ဇင်းဘုံကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်ကို ဆက်တက်မယ်ဆိုရင် ဗန်းမော်မြို့ကိုရောက်မှာဖြစ်ပါတယ်။

ဗန်းမော်မြို့နဲ့ ဇင်းဘုံရွာဟာ ၄၄ မိုင်ကျော်ကွာဝေးပါတယ်။

ဇင်းဘုံရွာက စစ်တပ် စခန်း တိုက်ခိုက်ခံရပြီးတဲ့နောက် ဩဂုတ် ၂၉ ရက်ညပိုင်းအထိ စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေခဲ့တာလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

"ကမ်းနှစ်ဖက်စလုံးက ရွာတွေရော ကမ်းနားဘက်တွေ တောက်လျှောက်ကြဲတာ" လို့ သူက ဆိုပါတယ်။

ရွှေကူမြို့ကို စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပြီး မြို့နယ်ထဲက နေရာတချို့မှာတော့ KIA နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေက အပိုင်းလိုက်ထိန်းချုပ်ထားပါတယ်။

မြန်မာစစ်တပ်ကတော့ ရွှေကူက စစ်သင်္ဘော ၂ စင်းနဲ့ ဇင်းဘုံရွာက တပ်စခန်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ ဒီနေ့ ညနေပိုင်းအထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC) ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့် ကွယ်လွန်

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC) ဥက္ကဋ္ဌရာထူးတာဝန် ယူထားတဲ့ ဦးဆောင်ဆန်းမြင့်ဟာ ဒီကနေ့ နေ့လယ်ပိုင်းမှာ ကွယ်လွန်ခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့်ဟာ ကွယ်လွန်ချိန်မှာ အသက် ၆၂ နှစ်ရှိပြီလို့ KNPP နဲ့ နီးစပ်သူတချို့က ဘီဘီစီကိုပြောပါတယ်။

ဦးအောင်ဆန်းမြင့်ဟာ "၉၆ ပါးရောဂါနဲ့ ကွယ်လွန်သွားတာပါ" လို့ KSCC ရဲ့ တွဲဖက်အတွင်းရေးမှူးတစ်ဦးက ပြောပါတယ်။

ဦးအောင်ဆန်းမြင့်ကွယ်လွန်ခဲ့တဲ့အတွက် မိသားစုနဲ့အတူ ၀မ်းနည်းကြောင်း သူ့ရဲ့နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေက လူမှုကွန်ရက်မှာ ရေးသားမျှ၀ေပါတယ်။

သူ ဥက္ကဋ္ဌ လုပ်နေတဲ့ KSCC ဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ကယား(ကရင်နီ)ပြည်နယ်ထဲက တော်လှန်ရေးအင်အားစုတွေ နိုင်ငံရေးပါတီတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအပြင် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဖွဲ့စည်းထားတဲ့ ကြားကာလ ပေါ်လစီနဲ့ နိုင်ငံရေးဦးဆောင်ကောင်စီတစ်ခု ဖြစ်ပါတယ်။

လက်ရှိမှာ ဦးအောင်ဆန်းမြင့်ဟာ "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ" SCEF မှာလည်း အတွင်းရေးမှူးအဖွဲ့၀င်အဖြစ် တာ၀န်ယူထားသူဖြစ်ပါတယ်။

SCEF ကိုတော့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ပူးပေါင်းထားတာဖြစ်ပါတယ်။

ဦးအောင်ဆန်းမြင့် အထွေထွေ အတွင်းရေးမှူးတာဝန်ယူထားတဲ့ KNPP ပါတီဟာလည်း နေပြည်တော်နဲ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) မှာ လက်မှတ် ထိုးမထားတဲ့အဖွဲ့ဖြစ်ပြီး နိုင်ငံရေးပါတီနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ကာလတွေမှာ KNPP ရဲ့ကရင်နီတပ်မတော်(KA)ဟာ တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်တပ်ကို ခုခံတိုက်ခိုက်နေပါတယ်။

ပြည်ပရောက် လုပ်သားတွေ တရား၀င်ငွေလွှဲအောင်လုပ်ဖို့ အလုပ်အကိုင်အေဂျင်စီတွေကို နေပြည်တော်ဖိအားပေး

ပြည်ပကနေ ပြည်တွင်းကို လွှဲပို့ငွေ ပမာဏနည်းလာတယ်လို့ နေပြည်တော်မှာသတင်းထွက်ပေါ်ပြီးနောက်မှာပဲ ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို တရား၀င်လမ်းကြောင်းတွေကနေ ပြန်လွှဲလာအောင် လုပ်ဖို့ ဖိအားပေးခံနေရတယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေဘက်ကနေ သိရပါတယ်။

ပြည်ပရောက်လုပ်သားတွေ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းကနေသာ မိသားစုဆီ လွှဲရေးအတွက် ပူးပေါင်းဖို့ဆိုပြီး နေပြည်တော်က အေဂျင်စီတွေကို တိုက်တွန်းလိုက်တာပါ။

မနေ့က ပြည်ပအလုပ်အကိုင် အေဂျင်စီတွေနဲ့ အလုပ်သမားဝန်ကြီးဌာနတို့ တွေ့ဆုံချိန် အခုလိုတိုက်တွန်းလိုက်တာဖြစ်ပါတယ်။

နေပြည်တော်ဘက်ကတော့ ပြည်ပရောက် မြန်မာတွေရဲ့လုပ်ခလွှဲပို့ငွေအချက်အလက်တွေ တိကျဖို့ ဗဟိုဘဏ်နဲ့ ပူးပေါင်းပြီး ညှိနှိုင်းအစည်းအဝေးတွေ လုပ်နေတယ်လို့ပဲ သတင်းထုတ်ပါတယ်။

ဒီတွေ့ဆုံမှုမတိုင်ခင် ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတော့ ပြည်ပလွှဲပို့ငွေ ပမာဏနည်းလာတာကြောင့် အလုပ်သမားဝန်ကြီးဌာနကို နေပြည်တော်သမ္မတရုံးက ခေါ်ယူသတိပေးထားတွေ လုပ်ခဲ့တယ်လို့ အလုပ်သမားဝန်ကြီးဌာနနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အရင်တုန်းက ပြည်ပက လုပ်ခလစာလွှဲပို့ငွေတွေကို အေဂျင်စီတွေက အလုပ်သမားဝန်ကြီးဌာနကို ၄ လတစ်ကြိမ် တင်ပြရပေမဲ့ ပို့လိုက်တဲ့လုပ်သားဦးရေ အားလုံးရဲ့ လွှဲပို့ငွေတွေကို လတိုင်းတင်ပြဖို့ ဖိအားပေးထားတယ်လို့ အေဂျင်စီတွေဘက်ကနေ သိရှိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ပြည်တွင်းမှာ အသုံးပြုနေတဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်တွေကို ပြည်ပနိုင်ငံတွေကနေ ဝင်သုံးလို့ မရရှိနိုင်အောင် Geo-blocking၊ Location-based Restriction နဲ့ IP-based Restriction တွေအပါအဝင် နည်းပညာနဲ့ လုံခြုံရေးဆိုင်ရာ အစီအမံတွေကို အကောင်အထည်ဖော်ဖို့ ဗဟိုဘဏ်က ညွှန်ကြားခဲ့တယ်လို့ ပြည်တွင်းပုဂ္ဂလိက ဘဏ်တစ်ခုက အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။

အဲဒီညွှန်ကြားချက်ထဲ ပြည်ပမှာနေထိုင်လုပ်ကိုင်နေကြတဲ့ မြန်မာတွေအနေနဲ့ ဗဟိုဘဏ်က ခွင့်ပြုပေးထားတဲ့ ဘဏ်လုပ်ငန်းနဲ့ ငွေကြေးဆိုင်ရာ ဒီဂျစ်တယ်ငွေပေးချေတဲ့ မိုဘိုင်းအပလီကေးရှင်းတွေကို တရားမဝင်(ဟွန်ဒီ)တွေမှာ သုံးနေတာကိုတွေ့ရတာကြောင့် ဒီလိုတင်းကျပ်မှုတွေလုပ်ဖို့ ညွှန်ကြားထားတာလို့ နားလည်ရပါတယ်။

တစ်ချိန်တည်းမှာပဲ ပြည်တွင်းက ဘဏ်လုပ်ငန်းဆိုင်ရာ မိုဘိုင်းအပလီကေးရှင်းတချို့ဟာလည်း ပြည်ပမှာ အသုံးပြုလို့မရတော့တာတွေ ကြုံတွေ့နေရတယ်လို့ ပြည်ပရောက်မြန်မာတချို့က အစောပိုင်းကတည်းက ပြောထားပါတယ်။

ပြည်တွင်းဘဏ်တချို့ကတော့ ပြည်ပမှာ သူတို့ရဲ့ ငွေကြေးဆိုင်ရာ အပလီကေးရှင်းတွေနဲ့ပတ်သက်ပြီး သုံးလို့ ရ မရကို လတ်တလော ကြေညာထားတာမရှိသေးဘူးလို့ ဘဏ်သုံးစွဲသူပြည်ပရောက် မြန်မာတချို့ကို ပြန်လည်ဖြေကြားထားပါတယ်။

မကွေး၊ မင်းတုန်းမှာ စစ်တပ်စစ်ကြောင်းထိုးပြီး တိုက်ပွဲဖြစ်

စစ်တပ်က မင်းတုန်းနယ်ကို အင်အားတစ်ထောင်ကျော် ပို့ထားတယ်လို့ဆို

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်ထဲမှာ စစ်တပ်ရဲ့အင်အားဆယ်ချီပါတဲ့ စစ်ကြောင်းနဲ့ မင်းတုန်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေ မနေ့ညပိုင်းမှာ တိုက်ပွဲပြင်းထန်ဖြစ်ခဲ့တယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ဒီနေ့သတင်းထုတ်ပြန်ပါတယ်။

မင်းတုန်းမြို့နယ်အနောက်ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၅၀ ခန့်ပါတဲ့ စစ်ကြောင်းနဲ့ ည ၇ နာရီလောက်မှာ တိုက်ပွဲဖြစ်ခဲ့တာလို့ အမှတ် ၄ တပ်ရင်းရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်တပ်က မင်းတုန်းမြို့နယ်အနောက်ဘက်ခြမ်းကို "အင်အား ၂၀၀ လောက်နဲ့ စစ်ကြောင်းတွေဖြန့်ခွဲပြီး ထိုးနေတာ" လို့ သူက ဆိုပါတယ်။

တိုက်ပွဲပြီးတဲ့နောက် နယ်မြေရှင်းလင်းရေးလုပ်ချိန် စစ်တပ်ဘက်က သေဆုံးသွားတဲ့ တပ်ကြပ်အဆင့် တပ်ဖွဲ့ဝင်တစ်ဦးရဲ့ရုပ်အလောင်းနဲ့ လက်နက်ခဲယမ်းတချို့တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သူက ထပ်ပြောပါတယ်။

ဒီသေဆုံးမှုနဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

မင်းတုန်းအနောက်ခြမ်းက ရွာတွေဟာ အာရက္ခတပ်တော်(အေအေ)ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့နယ်ထဲက မအီမြို့နဲ့ ရိုးမပေါ်က ဆက်စပ်နေတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတာဖြစ်ပါတယ်။

ဒါကြောင့် စစ်တပ်က ရခိုင်ပြည်နယ်ထဲက စစ်မျက်နှာအတွက် စစ်ကူပို့ဖို့နဲ့ နယ်စပ်ဝင်ပေါက်ပိတ်နိုင်ဖို့ရာ မင်းတုန်းဒေသက စစ်ရေးအချက်အချာကျတဲ့နေရာတစ်ခုလည်းဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ရှင်းပြပါတယ်။

မင်းတုန်းနယ်ထဲက စစ်တပ်ရဲ့နောက်ထပ် စစ်ကြောင်းတစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ တပ်ဖွဲ့ဝင် ၅ ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အမှတ် ၄ တပ်ရင်းက ပြောပါတယ်။

ဖမ်းမိတဲ့ ၅ ဦးဟာ တပ်ကြပ်အဆင့်ရှိသူ ၁ ဦး၊ ဒုတပ်ကြပ် ၂ ဦးနဲ့ စစ်မှုထမ်းတပ်သားသစ် ၂ ဦးတို့ဖြစ်တယ်လို့ အမှတ် ၄ တပ်ရင်းရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်တပ်က မင်းတုန်းမြို့နယ်ထဲက တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့နေရာတွေကို ပြန်လည်ထိန်းချုပ်ဖို့ ဩဂုတ်လ ဒုတိယသီတင်းပတ်ကစပြီး အင်အားတစ်ထောင်ကျော် တပ်ကူ ပို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်(ရပခ)လက်အောက်ခံ ကလောမြို့အခြေစိုက် "တပ်မ ၅၅ကနေ စစ်ကြောင်းထိုးဖို့ ပို့ထားတာ"လို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ စစ်တပ်အင်အားရာနဲ့ချီဟာ မင်းတုန်းမြို့အနီးတဝိုက်နဲ့ ပြောင်းကျေးရွာမှာ အထိုင်ချစောင့်ကြည့်နေတယ်လို့ PDF အမှတ် ၄ တပ်ရင်းရဲ့တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

စစ်တပ်ကတော့ မင်းတုန်းမြို့နယ်ထဲက စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ ဒီနေ့ နေ့လယ်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။

မြန်မာ ဖူဆယ်လိဂ်က လူငယ်ကစားသမား ၂ ဦး ပျောက်နေ

ရန်ကုန်မြို့က မြန်မာ ဖူဆယ်လိဂ် ၀မ်းမှာ ကစားနေတဲ့ ကစားသမား လူငယ်အမျိုးသား ၂ ဦးပျောက်ဆုံးနေတယ်လို့ အဲဒီလူငယ်တွေရဲ့ မိခင်အသင်း Gold Dream ဖူဆယ်အသင်းက ပြောပါတယ်။

Gold Dream ဖူဆယ်အသင်းက အသက် ၁၇ နှစ်အရွယ် ကျောနံပါတ် ၁၇ မောင်သီဟအောင်နဲ့ အသက် ၁၈ နှစ်အရွယ် ကျောနံပါတ် ၁၁ မောင်စွမ်းထက်ကျော်တို့ နှစ်ဦး ပျောက်ဆုံးနေတာလို့ အသင်းက လူမှုကွန်ရက်ကနေ ကြေညာပါတယ်။

သူတို့ နှစ်ဦးဟာ ဩဂုတ် ၁၉ ရက်မှာ ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ်က သုဝဏ္ဏဘောလုံးကွင်းမှာ Royal Noka FC အသင်းနဲ့ကစားပြီးတဲ့နောက် အိမ်ပြန်လမ်းမှာ အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးခဲ့တာလို့ အသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

သူတို့ နှစ်ဦးကို မြောက်ဒဂုံ ၅၀ ကွေ့ရောက်တဲ့အထိ အဆက်အသွယ်ရခဲ့ပြီး နောက်ပိုင်းမှာ ပျောက်ဆုံးနေသူ ၂ ဦးနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့တာလို့ အသင်းတာ၀န်ရှိသူက ဆိုပါတယ်။

လက်ရှိမှာ ပျောက်ဆုံးနေတဲ့ ကစားသမား ၂ ဦးကို သူတို့ရဲ့ မိသားစုတွေက သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေမှာ လူပျောက်တိုင်တန်းပြီး အမှုဖွင့်ထားတယ်လို့ အသင်းဘက်က ပြောပါတယ်။

ပျောက်ဆုံးနေသူ ၂ ဦးနဲ့ ရင်းနှီးသူတချို့က စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံရတာဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပေမဲ့ အသင်းဘက်ကတော့ ပျောက်ဆုံးရတဲ့အကြောင်းရင်း မသိရသေးဘူးလို့သာ ဖြေကြားပါတယ်။

အသင်းဘက်ကတော့ အဆက်အသွတ်ပြတ်ပျောက်ဆုံးနေတဲ့ကစားသမား ၂ ဦးကို ရှာဖွေနေပြီး လူထုအနေနဲ့လည်း ဒီ ၂ ဦးကို တွေ့ရှိရင် ဒါမှမဟုတ် သူတို့နဲ့ ပတ်သက်တဲ့သတင်းအချက်အလက်သိတဲ့သူတွေရှိရင် အသင်းဘက်ကို အကြောင်းကြားပေးဖို့ မေတ္တာရပ်ခံထားပါတယ်။

အခုဖြစ်ရပ်သတင်းမထွက်ခင် တစ်ပတ်လောက်ကလည်း မြန်မာပရော်ဖက်ရှင်နယ်ဘောလုံးလိဂ် (M League) က Chinland FC ဘောလုံးအသင်းမှာ ကစားနေတဲ့ မတူပီဇာတိ အသက် ၂၂ နှစ်အရွယ်ကစားသမား Pa Lung အဆက်အသွယ် ပျောက်ဆုံးနေတဲ့သတင်း ထွက်ပေါ်ခဲ့ပါတယ်။

ကစားသမားဟာ မြို့ထဲကနေ မြောက်ဒဂုံမြို့နယ်ကို အပြန်မှာ အသင်းနဲ့ သီတင်းတစ်ပတ်ကြာအဆက်အသွယ် ပြတ်တောက်လို့ အသင်းက ရဲစခန်းမှာ လူပျောက်တိုင်မှုဖြစ်ခဲ့ပါတယ်။

ချင်းကစားသမားဟာ စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရနိုင်တယ်ဆိုတဲ့ယူဆချက်တွေ ရှိခဲ့ပေမဲ့ အသင်းကတော့ ကစားသမားကို ပြန်တွေ့ပြီလို့ မနေ့က သတင်းပြန်ထုတ်ပါတယ်။

ကစားသမားဟာ မိခင်ဖြစ်သူရဲ့ကျန်းမာရေး အရေးပေါ်အခြေအနေကြောင့် အသင်းကို အကြောင်းကြားနိုင်ခြင်းမရှိဘဲ နေရပ်ကို ပြန်သွားခဲ့ရပြီး လမ်းခရီးမှာ ဆက်သွယ်ရေးအခက်အခဲတွေကြောင့် အဆက်အသွယ်ပြတ်တောက်ခဲ့ရတာလို့ အသင်းဘက်က ပြောပါတယ်။

ဂျပန်မှာ မြန်မာအမျိုးသမီးတစ်ဦး မွေးကင်းစကလေးအလောင်း စွန့်ပစ်မှု သံသယနဲ့အဖမ်းခံရ

ဂျပန်၊ ဆိုက်တာမာစီရင်စုနယ်၊ ဟီဂါရှီမတ်ဆုယာမာမြို့က အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသမီး တစ်ဦးဟာ မွေးကင်းစ ကလေးငယ်ရုပ်အလောင်းကို စွန့်ပစ်မှုသံသယနဲ့ ဖမ်းဆီးခံလိုက်ရတယ်လို့ ဂျပန်ကနေလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။

မြန်မာအမျိုးသမီးဟာ သူနေထိုင်တဲ့အခန်းထဲမှာ ကလေးငယ်ကို စွန့်ပစ်ထားတယ်ဆိုတဲ့ ကနဦးသံသယနဲ့ ရဲက ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

ဩဂုတ် ၂၇ ရက်တုန်းက ကိုယ်ဝန်ဆောင် မြန်မာအမျိုသမီးတစ်ဦး သွားဖွားမီးယပ် ဆေးခန်းကို ရောက်လာခဲ့ပေမယ့် အဲဒီအမျိုးသမီးရဲ့သားအိမ်ထဲမှာ သန္ဓေသားကို မတွေ့တော့ရာကနေ ဆေးခန်းက အာဏာပိုင်တွေကို အသိပေးခဲ့ပြီးနောက်မှာ အခုဖမ်းဆီးမှု ထွက်ပေါ်လာတာပါ။

အဲဒီနောက် ရဲက ရှာဖွေရေးလုပ်ရာကနေ မြန်မာအမျိုးသမီးရဲ့ တိုက်ခန်းထဲမှာ ကလေးငယ်ရဲ့ ရုပ်အလောင်းကို တွေ့ခဲ့ရတာဖြစ်ပါတယ်။ ကလေးငယ်ဟာ ယောက်ျားလေးလို့ ယူဆရပြီး အလောင်းမှာ ဒဏ်ရာတော့ မတွေ့ထားဘူးလို့ ရဲကို ကိုးကားပြီး ဂျပန်သတင်းတွေက ဖော်ပြပါတယ်။

မြန်မာအမျိုးသမီးကတော့ ကလေးမီးဖွားပြီးနောက် ကလေးကို ပလတ်စတစ်အိတ်ထဲထည့်ပြီး တိုက်ခန်းထဲမှာထားခဲ့ပြီး လွှင့်ပစ်ဖို့ ဝှက်ထားဖို့ ရည်ရွယ်ချက်မရှိခဲ့ဘူးလို့ ထွက်ဆိုခဲ့တဲ့အကြောင်း ဂျပန်သတင်းဌာနတွေမှာ ရေးပါတယ်။

သူဟာ ဂျပန်ဘာသာစကားသင်တန်းကျောင်းတက်နေသူဖြစ်တယ်လို့လည်း သတင်းက ဆိုပါတယ်။

အခုတော့ ဂျပန်ရဲတပ်ဖွဲ့ဟာ မွေးကင်းစကလေးငယ် သေဆုံးရတဲ့အကြောင်းရင်းကိုလည်း စုံစမ်းနေပြီဖြစ်ပါတယ်။