အောက်တိုဘာ ၂၅ ရက် သတင်းအနှစ်ချုပ် - ဗန် နဲ့ မာနယ်ကပ် တို့ပွဲ UFC အတည်ပြု

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
UFC ဖလိုင်းဝိတ် ချန်ပီယံ မြန်မာနွယ်ဖွားချင်းဖိုက်တာ ဂျော့ရှုဝါဗန်နဲ့ ပေါ်တူဂီဖိုက်တာ မာနယ်ကပ်တို့ နှစ်ဦးဟာ လာမယ့် ဇန်နဝါရီ ၃၀ ရက်နေ့၊ ကနေဒါနိုင်ငံ တိုရန်တွန်မြို့မှာ ထိုးသတ်သွားမယ်လို့ UFC က ကြေညာလာပါတယ်။
ဗန်နဲ့ မာနယ်ကပ်ဟာ UFC 336 ရဲ့ခေါင်ပွဲစဉ်အဖြစ် ထိုးသတ်သွားကြမှာဖြစ်ပါတယ်။
ဗန်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ကပဲ ဖလိုင်းဝိတ် ချန်ပီယံဟောင်း ပန်တိုဂျာနဲ့ ယှဉ်ပြိုင်ခဲ့အပြီး ၄လ အကြာမှာ နောက်တစ်ကြိမ် ချန်ပီယံခါးပတ်ကာကွယ်ပွဲ ထိုးသတ်သွားရမှာပါ။
UFC က ချန်ပီယံအများစုဟာ တစ်နှစ် တစ်ခါလောက်သာ ချန်ပီယံခါးပတ် ကာကွယ်ပွဲထိုးကြတာပါ။
ဗန်ကတော့ UFC ရဲ့ ဒုတိယ အသက်ငယ်ဆုံး ချန်ပီယံပီပီ ပွဲစဉ်တွေကို မနားတမ်းထိုးသတ်နေတာပါ။
ဖလိုင်းဝိတ်ချန်ပီယံ ဂျော့ရှုဝါဗန်နဲ့ထိုးသတ်မယ့် မာနယ်ကပ်ဟာ UFC ဖလိုင်းဝိတ်တန်းရဲ့ အဆင့် ၁ နေရာမှာရှိနေတဲ့ဖိုက်တာပါ။
ဂျော့ရှုဝါဗန် ငါးချီလောက်ထိုးသတ်ပြီး အမှတ်နဲ့ အနိုင်ရခဲ့တဲ့ ဖိုက်တာ ဘရန်ဒန်ရ်ိုဗယ်ကို မာနယ်ကပ်က ပထမအချီမှာတင်အလဲထိုးပြီး အနိုင်ယူထားပါတယ်။
မာနယ်ကပ်ဟာ ကြိုးဝိုင်းအတွင်း မကြာခဏ Stance ပြောင်းတတ်ပြီး လက်သီးတွဲဆိုင်းတွေ ခပ်မြန်မြန်ထုတ်သုံးတတ်သလို လက်သီးပြင်းအားလည်းများတဲ့ ဖိုက်တာပါ။
ဒါ့ကြောင့် ဗန်လိုမျ်ိုး လက်သီးအားပြုတဲ့ ချန်ပီယံ နဲ့တွေ့ရင် ရသမြောက်တဲ့ပွဲစဉ်ဖြစ်လာမယ်လို့ UFC ပရိသတ်တွေက ဒီပွဲစဉ်မကြေညာခင်ကတည်းက ပြောဆိုနေကြတာပါ။
ဂျော့ရှုဝါဗန်ဟာ ဖလိုင်းဝိတ်တန်းရဲ့ ချန်ပီယံဟောင်းအပါအဝင် ထိပ်တန်းကစားတွေကို အနိုင်ယူထားပြီးပါပြီ။
အဆင့် ၁ နေရာမှာရှိနေတဲ့ မာနယ်ကပ်နဲ့တော့ ပထမဆုံးအကြိမ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ဂျော့ရှုဝါဗန်အနေနဲ့ အခုလို အဆင့် ၁ နေရာမှာရှိနေတဲ့ မာနယ်ကပ်ကို အနိုင်ယူနိုင်ခဲ့ရင် တသက်တာ အကောင်းဆုံးချန်ပီယံ ဂုဏ်ပုဒ်လမ်းကြောင်းပေါ်ရောက်လာနိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။
ပြည်သူ့ရင်ပြင် ကုန်ပစ္စည်းပြပွဲမှာ ရိုးရာဓားပြခန်းကို ပိတ်ခိုင်း

ဓာတ်ပုံ ရင်းမြစ်, Than Zin Maung
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ကျင်းပနေတဲ့ သီတင်းကျွတ် ပြည်တွင်းထုတ်ကုန်ပစ္စည်းပြပွဲမှာ ပါဝင်ပြသနေတဲ့ "နောင်ပိုအောင်" မြန်မာ့ရိုးရာဓားပြခန်းကို ပွဲစီစဉ်သူတွေက ပိတ်ခိုင်းခဲ့တယ်လို့ ပြခန်းပိုင်ရှင် ဦးသန့်ဇင်မောင်က ပြောပါတယ်။
မနေ့ မနက်ပိုင်း ထုတ်ကုန်ပြပွဲအဖွင့်နေ့မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်က လာရောက်ကြည့်ရှုခဲ့ပြီးနောက် နေ့လယ် ၂ နာရီဝန်းကျင်မှာ ခင်းကျင်းထားတဲ့ ဓားတွေနဲ့ လက်မှုအသုံးအဆောင်တွေကို သိမ်းဆည်းခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
"ဝန်ကြီးချုပ်က ပြခန်းပိတ်ဖို့ ပြောခဲ့တာ မဟုတ်ဘူး။ ဓားတွေကို အပြင်မှာ ခင်းမပြဘဲ မှန်ကောင်တာထဲ ထည့်ပြဖို့ ပြောတာ၊ မတော်လို့ ပြပွဲမှာ ခိုက်ရန်ဖြစ်ပွားရင် ဒီဓားတွေကို ဆွဲပြီးခုတ်ရင် ဘယ်လိုလုပ်မလဲဆိုတဲ့ လုံခြုံရေးဘက်ကနေ တွေးပြီး သူက ပြောခဲ့တာ" လို့ နောင်ပိုအောင် မြန်မာ့ရိုးရာဓားလုပ်ငန်းရှင် ဦးသန့်ဇင်မောင်က ပြောပါတယ်။
ပွဲလုံခြုံရေးအတွက် ဓားတွေကို မှန်ကောင်တာထဲ ထည့်သွင်းပြသလို့ရအောင် လိုအပ်တာတွေကို ဖြည့်ဆည်းပေးဖို့ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တိုင်းဝန်ကြီးချုပ်က မှာတာကိုလည်း သူကြားခဲ့တယ်လို့ ဦးသန့်ဇင်မောင်က ပြောပါတယ်။
ဒါပေမဲ့ နေ့လယ်ပိုင်းမှာတော့ ပွဲစီစဉ်သူတချို့က ဆိုင်ခန်းကို ပိတ်သိမ်းဖို့ အကြောင်းကြားလာတာ ဖြစ်တဲ့အတွက် ပိတ်သိမ်းခဲ့တာလို့ သိရပါတယ်။
အဲဒီပြခန်းဟာ မန္တလေးတိုင်း ညောင်ဦးမြို့နယ်က လုပ်ငန်းတစ်ခုဖြစ်ပြီး သက်ဆိုင်ရာဌာနကတစ်ဆင့် စာရင်းပေးသွင်းကာ ပြပွဲမှာ ပါဝင်ပြသနေတာ ဖြစ်ပါတယ်။
ပြပွဲအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ ခင်းကျင်းမှုပုံစံကို ဖယ်ရှားခဲ့ရသလို လာရောက်ကြည့်ရှုမယ့်သူတွေနဲ့ ဝယ်ယူသူတချို့ကိုလည်း လွဲချော်ခဲ့ရတယ်လို့ ဦးသန့်ဇင်မောင်က ပြောပါတယ်။
"ကျွန်တော်တို့က ဓားရောင်းတာထက် မြန်မာ့ရိုးရာ ပန်းပဲလက်မှုနဲ့ လက်ရာတွေကို လူတွေ သိစေချင်တာ ပိုများပါတယ်၊ ကျွန်တော်ပြသတဲ့အထဲမှာ ရှေးအဆက်ဆက်က သုံးခဲ့တဲ့ ရိုးရာဓားတွေကို ပြန်ဖော်ထုတ်ထားတာ" လို့ သူက ဆိုပါတယ်။
သီတင်းကျွတ် ပြည်တွင်းထုတ်ကုန်ပစ္စည်းပြပွဲကို အောက်တိုဘာ ၂၄ ရက်ကနေ ၂၇ ရက်အထိ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ကျင်းပနေပြီး တိုင်းနဲ့ ပြည်နယ်အသီးသီးက ဒေသထွက်ကုန်နဲ့ အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်တွေ ပါဝင်ပြသနေကြပါတယ်။
စစ်အာဏာရှင်စနစ်တိုက်ဖျက်ဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းကြိုးစားနေ - KIO

ဓာတ်ပုံ ရင်းမြစ်, Liaza TV
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်လက်ပူးပေါင်း ကြိုးစားနေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောပါတယ်။
လိုင်ဇာမြို့မှာ ဒီနေ့ကျင်းပတဲ့ KIO တည်ထောင်မှု ၆၆ နှစ်ပြည့် အခမ်းအနားကို ပေးပို့တဲ့သ၀ဏ်လွှာမှာ ဗိုလ်ချုပ်ကြီး အင်ဘန်လက အခုလို ထည့်ပြောသွားတာဖြစ်ပါတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် နိုင်ငံတဝန်းက အရပ်သားပြည်သူ အများအပြား သေဆုံးထိခိုက်ပြီး ဒုက္ခရောက်နေကြရတယ်တယ်လို့ သူက ပြောပါတယ်။
ရှမ်းနဲ့ ကချင်အပါအ၀င် တိုင်းရင်းသားတွေ စိတ်၀မ်းမကွဲကြဖို့၊ ဒုက္ခတွေကို ကြံ့ကြံ့ခိုင်ဖို့ပြီး ကူညီရိုင်းပင်းကာ ကျော်ဖြတ်ဖို့ကိုလည်း သူက တိုက်တွန်းပါတယ်။
KIO ဗဟိုကော်မတီဟာ တခြား တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနဲ့ လက်တွဲပြီး ခိုင်မာတဲ့ ပြည်ထောင်စုတစ်ရပ် ပေါ်ပေါက်လာရေး ဆက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း သူက ပြောပါတယ်။
ရှေ့တန်းက KIO/KIA ရဲဘော်တွေရဲ့ စွန့်လွှတ်အနစ်နာခံမှုနဲ့ အားထုတ်မှုတွေကို သူက အသိအမှတ်ပြု ပြောသွားသလို စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရေးအတွက် ဇွဲမလျှော့ဘဲ ဆက်ကြိုးပမ်းဖို့လည်း တိုက်တွန်းပါတယ်။
လိုင်ဇာမြို့မှာ ဒီနေ့ မနက်ပိုင်းကျင်းပသွားတဲ့ KIO တည်ထောင်မှု ၆၆ နှစ်ပြည့် အခမ်းအနားကိုတော့ KIO/KIA အုပ်ချုပ်ရေး၊ စစ်ရေးနဲ့ ကဏ္ဍအသီးသီးက ထိပ်ပိုင်းတာ၀န်ယူထားသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
တနိုင်းမှာ သစ်ဆွဲဆင် အနင်းခံရလို့ ၅ ဦး သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ တရုံကျေးရွာဝန်းကျင်က စက်ဆဲချောင်းမှာ ပုဂ္ဂလိက သစ်ဆွဲဆင်တစ်ကောင် စိတ်ရိုင်းဝင် မုန်ယိုပြီး နင်းမိတာကြောင့် လူ ၅ ဦး သေဆုံးတယ်လို့ အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။
အမြင့် ၈ ပေရှိပြီး မြန်မာ့သစ်လုပ်ငန်းမှာ အသိအမှတ်ပြု အသုံးပြုနေတဲ့ ပုဂ္ဂလိကပိုင် ဆင်တစ်ကောင်ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီဆင်ဟာ စက်ဆဲချောင်းတလျှောက်မှာရှိတဲ့ ကျေးရွာတွေကို တစ်ကောင်တည်း သွားလာနေပြီး အောက်တိုဘာ ၂၄ ရက် ညပိုင်းမှာ အမျိုးသား ၂ ဦး၊ အောက်တိုဘာ ၂၅ ရက် မနက်ပိုင်းမှာ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၂ ဦးတို့ အနင်းခံရပြီး သေဆုံးတာလို့ ပြောပါတယ်။
"အဲဒီမှာက မုန်ညင်းခင်းတွေ၊ စိုက်ခင်းတွေကို စောင့်အိပ်တဲ့သူတွေ ရှိတယ်လေ။ ဆင်က မြင်သမျှ နင်းသွားတာ"လို့ အခြေအနေသိရှိသူက ပြောပါတယ်။
လက်ရှိအချိန်အထိ အဲဒီဆင်ကို မဖမ်းနိုင်သေးပေမဲ့ ဆင်ဟာ တရုံရွာနားကို တဖြည်းဖြည်း ရောက်လာတာကြောင့် ကျေးရွာဒေသခံတွေလည်း စိုးရိမ်နေကြတယ်လို့သိရပါတယ်။
ဒါကြောင့် စစ်တပ်ဘက်က သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဆင်အန္တရာယ်အတွက် သေနတ်နဲ့ ပစ်ဖောက် ခြောက်လှန့်ထားတယ်လို့လည်း သိရပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တောမှော်ရွာမှာလည်း သစ်ဆွဲအိမ်ဆင်တစ်ကောင် မုန်ယိုခဲ့တာကြောင့် ဆင်ပိုင်ရှင်နဲ့ ဆင်ဦးစီးအပါအဝင် ၅ ဦး ဆင်နင်းခံရပြီး သေဆုံးခဲ့တဲ့ဖြစ်စဉ်လည်း ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းက ရှိခဲ့ဖူးပါတယ်။
မုန်ယိုစိတ် ဝင်နေတဲ့ဆင်ထီးတွေဟာ ပုံမှန်ထက် ပိုရန်လိုလာပြီး ခန့်မှန်းရခက်တဲ့အပြုအမူတွေ ပြသတတ်တယ်လို့ အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့ချုပ် (IUCN) ရဲ့ အာရှဆင်အထူးလေ့လာရေးအဖွဲ့(Asian Elephant Specialist Group) က ထုတ်ပြန်ထားတဲ့လမ်းညွှန်ချက်မှာတွေ့ရပါတယ်။
ဒါကြောင့် အဲဒီလို ဆင်တွေကို လူတွေနဲ့ အခြားဆင်တွေကနေ သီးခြားခွဲထားပြီး စောင့်ကြည့်ဖို့၊ အစာနဲ့ ရေလုံလောက်စွာ ပေးဖို့နဲ့ ကျွမ်းကျင်တဲ့ ဆင်ထိန်းတွေကသာ ကိုင်တွယ်ဖို့ IUCN က အကြံပြုထားပါတယ်။
ပင်လယ်ထဲက မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာမှာ ဒေသအချို့မိုးကြီးနိုင်

ဓာတ်ပုံ ရင်းမြစ်, မိုးဇလ
ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်အရှိန်ကြောင့် ဒီနေ့ကနေစလို့ လာမယ့် ၅ ရက်အတွင်း နိုင်ငံအနှံ့အပြားမှာ မိုးရွာနိုင်ပြီး ဒေသအချို့မှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားပါတယ်။
မုန်တိုင်းငယ်အရှိန်ကြောင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်းဒေသကြီးတို့အပြင် ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့ အောက်တိုဘာ ၂၉ ရက်အထိ မိုးကြီးနိုင်တယ်လို့ဆိုပါတယ်။
ပင်လယ်ပြင်က လေဖိအားနည်းရပ်၀န်းဟာ ဒီနေ့ မနက်ပိုင်းမှာ မုန်တိုင်းငယ်အဖြစ် အားကောင်းလာချိန်မှာ မိုးလေ၀သဌာနက အခုလို ခန့်မှန်းထုတ်ပြန်တာဖြစ်ပါတယ်။
ဒါပေမဲ့ ဒီမုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိသေးတာကြောင့် အဝါရောင်အဆင့်အဖြစ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
မုန်တိုင်းငယ်ဟာ လက်ရှိမှာ ကိုကိုးကျွန်းရဲ့အနောက်မြောက်ဘက် ရေမိုင် ၁၅၀ ခန့်အကွာ ပင်လယ်ပြင်မှာ ဗဟိုပြုနေပြီး နောက်ပိုင်းမှာ အနောက်-အနောက်မြောက်ဘက်ဆီ ရွေ့လျားနေတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၈ ရက်မှာတော့ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ကမ်းခြေဘက်ကို အလွန်အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဦးတည်သွားနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
မိုးဇလကတော့ မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းတာ၊ ရုတ်တရက်ရေကြီးတာ၊ မြေပြိုတာစတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသနဲ့ မြစ်ချောင်းအနီးနေထိုင်သူတွေ သတိပြုကြဖို့နဲ့ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့လည်း ကြိုတင်သတိထားကြဖို့ နှိုးဆော်ထားပါတယ်။
သီတင်းကျွတ်ပိတ်ရက်အစ ကားတိုက်၊ ကားမှောက်မှုတွေကြောင့် လူ ၇ ဦး သေဆုံး၊ ၅၀ ကျော် ဒဏ်ရာရ

ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့-မန္တလေး
ပြည်တွင်းခရီးအသွားအလာများတဲ့ သီတင်းကျွတ်ရုံးပိတ်ရက် အစ မနေ့ အောက်တိုဘာ ၂၄ ရက်မှာတင် ဖြစ်ခဲ့တဲ့ ကားမှောက်မှုနဲ့ ကားတိုက်မှုတွေကြောင့် အနည်းဆုံး လူ ၇ ဦး သေဆုံးပြီး ၅၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
အဲဒီဖြစ်စဉ်တွေထဲမှာ မန္တလေးတိုင်း ပြင်ဦးလွင်-မန္တလေး အဆင်းလမ်း ၁၉ မိုင်မှာ ဖြစ်ခဲ့တဲ့ ခရီးသည်ကား ချောက်ထဲ ထိုးကျမှုဟာ သေဆုံးသူ ၆ ဦးနဲ့ လူသေဆုံးမှု အများဆုံးဖြစ်ခဲ့ပါတယ်။
ပြင်ဦးလွင်ကနေ မန္တလေးဘက် ဆင်းလာတဲ့ Express ခရီးသည်တင်ယာဉ်ဟာ ဘရိတ်ပေါက်ပြီး အိမ်စီးကား တစ်စီးနဲ့ မျက်နှာချင်းဆိုင် တိုက်မိရာကနေ လမ်းဘေး ချောက်ထဲ ထိုးကျခဲ့တာလို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
"ခရီးသည်တင်ယာဉ်က ချောက်ထဲကိုကျသွားတာ၊ ညတုန်းက လူတွေကိုပဲ အရင်ကယ်ထုတ်ထားတာ၊ ကားကတော့ ဒီအတိုင်းရှိနေတုန်းပဲ"လို့ ကယ်ဆယ်ရေးမှာ ပါဝင်ခဲ့တဲ့ ပြင်ဦးလွင်မြို့အခြေစိုက် သန္တိသုခအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
တစ်ရက်တည်းမှာပဲ ရှမ်းပြည်နယ် ဟဲဟိုးမြို့နယ် သီခေါင်တောင်အဆင်းလမ်းမှာလည်း Express ခရီးသည်တင်ယာဉ်တစ်စီး လမ်းဘေးထိုးကျတိမ်းမှောက်ခဲ့တာကြောင့် ခရီးသည် ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး တောင်ကြီး စပ်စံထွန်းဆေးရုံကို ပို့ဆောင်ကုသခဲ့ရတယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
မွန်ပြည်နယ် မော်လမြိုင်-မုဒုံလမ်းပေါ်မှာတော့ ကျိုက်ခမီဘုရားဖူးထွက်လာတဲ့ ဟိုက်ဂျက်ယာဉ်တစ်စီး ဘီးပေါက်ပြီး လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်တိမ်းမှောက်ခဲ့တာကနေ ယာဉ်ပေါ်ပါသူ ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
"ကားဘီးပေါက်ပြီး အရှိန်နဲ့ လမ်ဘေးကို ဘေးစောင်းမှောက်သွားတာ၊ ခြေကျိုးတဲ့ ဒဏ်ရာရတဲ့သူတွေရှိတယ်။ ကားက ၆ ယောက် ၇ ယောက်လောက်ပဲ တင်ရမယ့် ခံနိုင်ရည်ပဲရှိတာကို ၁၄ ယောက်လောက်ပါလာတော့ အလေးချိန်မထိန်းနိုင်ပဲ ဖြစ်သွားတာ"လို့ မော်လမြိုင်မြို့က ပရဟိတအဖွဲ့ ဦးဆောင်ဆောင်သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၅၃/၀ နဲ့ ၁၅၂/၇ ကြားမှာ ရပ်ထားတဲ့ Canter ယာဉ်ကို Fuso ကုန်တင်ယာဉ်က ဝင်တိုက်ခဲ့တာကြောင့် လူ ၁ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
တာဝန်ရှိသူတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကတော့ ပိတ်ရက်ကာလအတွင်း ခရီးသွားလာသူတွေ ယာဉ်မောင်းနှင်ရာမှာ အရှိန်မလွန်စေဖို့နဲ့ လမ်းစည်းကမ်းကို လိုက်နာကြဖို့ သတိပေးထားပါတယ်။
ပြင်သစ်ဆန္ဒပြပွဲ လူ ၁,၀၀၀ ကျော်အဖမ်းခံရ

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
ပြင်သစ်နိုင်ငံတဝန်းမှာ ဆန္ဒပြပွဲတွေထဲ လူသိန်းနဲ့ချီ ပါဝင်ခဲ့ပြီး စနေနေ့ညပိုင်းမှာ ပဋိပက္ခတချို့ ဆက်ဖြစ်ခဲ့ရာ လူ ၁,၀၀၀ နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
တစ်နေ့တာအတွင်း ဆန္ဒပြပွဲအများစု ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့ပြီးနောက် ပါရီအပါအဝင် မြို့အတော်များများမှာ ဆန္ဒပြသူတွေကို လူစုခွဲဖို့ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ ရေပိုက်တွေ အသုံးပြုခဲ့ပါတယ်။
မာဆေးမြို့မှာတော့ လမ်းပိတ်အတားအဆီးတွေကို မီးရှို့ခဲ့ကြပြီး ဘော်ဒိုးမြို့မှာ လူတွေက ဆိုင်တစ်ဆိုင်မှာ ကာထားတဲ့ပျဉ်ပြားတွေကို ဆွဲဖြုတ်ခဲ့ကြပါတယ်။
ဒါပေမဲ့ တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းတုန်းက ဖြစ်ခဲ့တဲ့အတိုင်းအတာမျိုး အဓိကရုဏ်းနဲ့ လုယက်မှုတွေ မဖြစ်အောင် အခုအချိန်အထိ ထိန်းထားနိုင်ဆဲပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကုန်က ဖြစ်ရပ်တွေဟာ ပြင်သစ်နိုင်ငံရဲ့ခေတ်သစ်သမိုင်းမှာ အဆိုးရွားဆုံး မငြိမ်မသက်ဖြစ်ရပ်တွေထဲက အချို့လည်းဖြစ်လာပါတယ်။
စနေနေ့မှာ လူ ၄၁၀,၀၀၀ ခန့် ဆန္ဒပြခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပြီး အလုပ်သမားသမဂ္ဂတွေကတော့ လူဦးရေ ၈ သိန်းခန့်ရှိတယ်လို့ ဆိုပါတယ်။
ပြင်သစ်မှာ လူနေမှုစရိတ် ကြီးမြင့်လာတာနဲ့ စာသင်ကျောင်းတွေရဲ့အခြေအနေ မကောင်းတာတို့အပေါ် မကျေနပ်လို့ ဆန္ဒပြပွဲတွေ ထွက်ပေါ်နေတာပါ။
ရဲတပ်ဖွဲ့ဝင်အင်အားထက် ဆန္ဒပြသူအင်အားက ပိုများပြီး စီးပွားရေးလုပ်ငန်း ရာနဲ့ချီ လုယက်ခံရကာ အဆောက်အအုံတွေ မီးရှို့ခံရတဲ့ မငြိမ်မသက်အခြေအနေမျိုးအထိ မရောက်သွားအောင် ရဲတပ်ဖွဲ့ဝင် ၇၀,၀၀၀ ခန့် ဖြန့်ကြက်ထားပါတယ်။ မြို့အတော်များများမှာ ကန့်သတ်ချက်တွေ ချမှတ်ခဲ့ပါတယ်။
အသိအမှတ်ပြု အလုပ်သမားသမဂ္ဂတွေက စီစဉ်တဲ့ ဆန္ဒပြပွဲတွေကိုပဲ ခွင့်ပြုမယ်လို့ သမ္မတ အီမန်နျူရယ် မက်ကရွန်းက ဒီသီတင်းပတ်အစောပိုင်းမှာ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
မကြာသေးခင်ရက်တွေအတွင်း အမြန်ကြားနာစစ်ဆေးတဲ့ တရားရုံးလုပ်ငန်းစဉ်တွေအပြီးမှာ ဖျက်ဆီးမှု၊ မီးရှို့မှုနဲ့ လုယက်မှုတို့ကြောင့် လူရာနဲ့ချီ ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
စနေနေ့မှာ ပါရီမြို့ရဲ့ ပေါ့ ဒီတာလီ ကနေ ပေါ့ ဒွတ် ဗွန်းဆွန့်ကို ဦးတည်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ချီတက်ဆန္ဒပြပွဲ ပြီးဆုံးချိန်မှာ ဆန္ဒပြသူတွေနဲ့ အဓိကရုဏ်းနှိမ်နင်းရေးရဲတွေကြား ပဋိပက္ခတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးမှာ ပုံမှန်အားဖြင့် ဂိုဏ်းဖွဲ့ရာဇဝတ်မှုတွေနဲ့ အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေးကို ကိုင်တွယ်တဲ့ အထူးတပ်ဖွဲ့တစ်ဖွဲ့လည်း ပါဝင်ခဲ့ပါတယ်။
ဆန္ဒပြသူတချို့က လက်လုပ်အတားအဆီးတွေ တည်ဆောက်ပြီး ရဲတပ်ဖွဲ့ဝင်တွေကို ပစ္စည်းတွေနဲ့ ပစ်ပေါက်နေတာ တွေ့ရပါတယ်။ တစ်ချိန်တည်းမှာ ကားအရောင်းပြခန်းတစ်ခုရဲ့ ပြတင်းပေါက်တွေကို ရိုက်ခွဲနေတဲ့ မျက်နှာဖုံးစွပ် လူငယ်အုပ်စုတွေကို ရဲတွေက နံပါတ်တုတ်တွေနဲ့ ဝင်ရောက်နှိမ်နင်းခဲ့ပါတယ်။
"ချီတက်ဆန္ဒပြပွဲရဲ့ နောက်ဘက်မှာ အစွန်းရောက်လှုပ်ရှားသူ ထောင်နဲ့ချီ စုဝေးခဲ့ပြီး အဲဒီအထဲမှာ အဓိကရုဏ်းဖြစ်ပွားစေသူတွေလို့ သတ်မှတ်ထားတဲ့ လူ ၅၀၀ ခန့် ပါဝင်တယ်" လို့ ပြင်သစ်ပြည်ထဲရေးဝန်ကြီး Laurent Nuñez ကပြောတဲ့အကြောင်း အေအက်ဖ်ပီ သတင်းဌာနက ရေးပါတယ်။






















