တောင်ကိုရီးယား ဂီတရှိုးပွဲ မတော်တဆမှု ၁၄ ဦး သေ

ဓာတ်ပုံ ရင်းမြစ်, AP
တောင်ကိုးရီးယား နိုင်ငံ ဆိုးလ်မြို့ တောင်ပိုင်းမှာ ပေါ့ပ် ဂီတ ဖျော်ဖြေပွဲ တခုအတွင်း မတော်တဆ မှုကြောင့် အနည်းဆုံး လူ ၁၄ ဦး သေဆုံး ခဲ့ပြီး ၁၀ ဦး အကြီးအကျယ် ဒဏ်ရာ ရသွားပါတယ်။
တောင်ကိုရီးယားမှာ လူကြိုက်များတဲ့ 4Minute လို့ခေါ်တဲ့ အမျိုးသမီး ဂီတ အဖွဲ့ရဲ့ လဟာပြင် ဂီတ ဖျော်ဖြေပွဲမှာ လူတွေ တက်ကြည့်တဲ့ လေဝင်ပေါက် တစ်ခု ပြိုကျခဲ့တာ ဖြစ်ပါတယ်။
လူ ၇၀၀ လောက် လာကြည့်တဲ့ အထဲက အဲဒီ လေဝင်ပေါက် သံပန်းပေါ်မှာ လူ ၃၀လောက် ရပ်ကြည့် နေခဲ့ကြတာ ဖြစ်ပြီး ပြိုကျချိန်မှာ ၆၅ ပေ မြင့်တဲ့ မြေအောက် ကွန်ကရိ ကြမ်းခင်းပေါ်ကို ပြုတ်ကျခဲ့ကြတာပါ။
သေဆုံးသွားသူ အများစုဟာ ကျောင်းသားတွေလို့ ယူဆရပါတယ်။
အခု ဒီ ဖြစ်ရပ်ကြောင့် တောင်ကိုးရီးယားရဲ့ ဘေးကင်း လုံခြုံမှု စံနှုန်းအပေါ် အခြေအတင် ပြောဆိုမှုတွေ ပိုမို ကြီးထွား လာနိုင်ဖွယ် ရှိတယ်လို့ ဆိုးလ်မြို့မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
















