ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာရုံစိုက်ခံလာရတဲ့ ထရမ့်ရဲ့ အနီးကပ်လက်ထောက် နာတာလီ ဟာ့ပ်
- ရေးသားသူ, ဘာန်ဒ် ဒီဘတ်စ်မန် ဂျူနီယာ
- ရာထူးတာဝန်, အိမ်ဖြူတော်သတင်းထောက်
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၅
အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်နဲ့ အနီးကပ်ရှိသူတွေထဲမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်း နာတာလီ ဟာ့ပ်လောက် ထရမ့်ရဲ့ ဘေးမှာ မကြာခဏ တွေ့ရသူ များများစားစား မရှိပါဘူး။
ထရမ့်ရဲ့ သက်တမ်းအရှည်ဆုံးနဲ့ သစ္စာအရှိဆုံး လက်ထောက်တွေထဲက တစ်ဦးဖြစ်တဲ့ အသက် ၃၅ နှစ်အရွယ် ဟာ့ပ်ဟာ ထရမ့်ရဲ့ Truth Social ပို့စ်တွေကို စာရိုက်ပေးတာအပါအဝင် အရေးကြီးတဲ့ တာဝန်တွေကို ထမ်းဆောင်ရသူ ဖြစ်ပါတယ်။
ဒီသီတင်းပတ်အတွင်း သူဟာ ဂျော်ဂျီယာပြည်နယ် ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဂျွန် အော့ဆော့ဖ်ရဲ့ မိန့်ခွန်းမှာ နာမည်ထည့်သွင်းပြောဆိုခံရပြီးနောက် တဖန်ပြန် အာရုံစိုက်ခံလာရပါတယ်။ အော့ဆော့ဖ် ဟာ ထရမ့်ကို မကြာခဏ ဆန့်ကျင်ဝေဖန်သူတစ်ဦးဖြစ်ပြီး အဲဒီမိန့်ခွန်းဟာလည်း အွန်လိုင်းမှာ ပျံ့နှံ့သွားခဲ့ပါတယ်။
အော့ဆော့ဖ် က ထရမ့်ကို "ကာတာစော်ဘွားက လက်ဆောင်ပေးထားတဲ့၊ ကာကွယ်မှုမရှိသလောက်နည်းတဲ့၊ ပျံသန်းနေတဲ့ နန်းတော်ကြီးမှာ နာတာလီနဲ့အတူ ခရီးသွားနေတယ်" လို့ ဝေဖန်ခဲ့ပါတယ်။
သူက ထရမ့်ကို ကာတာက လက်ဆောင်ပေးထားတဲ့ အဲဖို့စ်ဝမ်း လေယာဉ်အသစ်ကို ရည်ညွှန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့လက တူရကီနိုင်ငံကနေ ထွက်ခွာချိန်မှာ ထရမ့်နဲ့ လူအနည်းငယ်သာ ပါဝင်တဲ့အဖွဲ့နဲ့အတူ ဟာ့ပ်က လေယာဉ်ကို လျှို့ဝှက်ပြောင်းစီးခဲ့တယ် ဆိုတဲ့ သတင်းတွေအပေါ်လည်း ရည်ညွှန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒါဆို "တံခါးမှူး" ၊ "စိတ်ချရတဲ့သူ" လို့လည်းကောင်း အခေါ်ခံရတဲ့ ထရမ့်ရဲ့ လက်ထောက် နာတာလီ ဟာ့ပ်အကြောင်း သိထားသင့်တာတွေက ဘာတွေလဲ။
အိမ်ဖြူတော်ကို သမားရိုးကျမဟုတ်တဲ့ လမ်းကြောင်းနဲ့ ရောက်လာသူ
ကယ်လီဖိုးနီးယားဇာတိ၊ ရှေးရိုးစွဲ ခရစ်ယာန်မိသားစုက မွေးဖွားလာတဲ့ ဟာ့ပ်ဟာ ပုံမှန်မဟုတ်တဲ့ လမ်းကြောင်းကနေ အိမ်ဖြူတော်ကို ရောက်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ဒေါ်နယ်လ် ထရမ့်က သူ့ရဲ့အသက်ကို ကယ်တင်ပေးခဲ့သူလို့ ကျေးဇူးတင်စကားပြောဆိုခဲ့ရာကနေ လူသိများခဲ့သူပါ။
ထရမ့်ရဲ့ ပထမသမ္မတသက်တမ်းအတွင်း Right to Try Act ကို ဥပဒေအဖြစ် အတည်ပြုနိုင်ခဲ့ပြီး အဲဒီဥပဒေက လူနာတချို့အတွက် စမ်းသပ်ဆဲကုသမှုတွေကို ပိုမိုရရှိနိုင်အောင် လမ်းဖွင့်ပေးခဲ့ပါတယ်။
ဟာ့ပ်ကလည်း အဲဒီဥပဒေကို သုံးပြီး သူ့ ရဲ့ အရိုးကင်ဆာ ကုသမှုခံယူခဲ့ပါတယ်။
ဒီအတွေ့အကြုံကို ပြောပြခဲ့ရာကနေ သူဟာ ရီပတ်ဘလစ်ကန်ပါတီအတွင်း ထရမ့်ရဲ့ MAGA (Make America Great Again) အုပ်စုမှာ မြန်မြန်ဆန်ဆန် လူသိများလာပြီး လူကြိုက်များလာခဲ့ပါတယ်။ အဲဒီနောက် မကြာခင်မှာပဲ ထရမ့်ရဲ့ ၂၀၂၀ သမ္မတရွေးကောက်ပွဲ ပြန်အနိုင်ရရေး မဲဆွယ်စည်းရုံးမှုအတွက် အကြံပေးဘုတ်အဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။
၂၀၂၀ ရီပတ်ဘလစ်ကန် အမျိုးသားညီလာခံမှာ သူက "ဈေးကွက်မှာ ရရှိနိုင်တဲ့ ဓာတုကုထုံးတွေကို ကျွန်မရောဂါက မတုံ့ပြန်တော့တဲ့အခါ ဘယ်သူကမှ သူတို့ရဲ့ ဆေးဝါးစမ်းသပ်မှုတွေမှာ ကျွန်မကို ပါဝင်ခွင့်မပေးချင်ခဲ့ကြပါဘူး။ စမ်းသပ်ဆဲကုသမှုတွေကို စမ်းသုံးခွင့်လည်း သူတို့ မပေးခဲ့ပါဘူး။ ဒါပေမဲ့ သမ္မတကြီးကတော့ ပေးခဲ့ပါတယ်။ သမ္မတကြီးသာ မရှိခဲ့ရင် အဲဒီကုသမှုတွေ အတည်ပြုခံရဖို့ စောင့်ရင်း ကျွန်မ သေဆုံးသွားမှာပါ" လို့ ပြောခဲ့ပါတယ်။
အဲဒီပွဲအပြီးမှာ ထရမ့်က "ကျွန်တော်မြင်ဖူးသမျှ လူအနည်းငယ်လောက်ပဲ ရုပ်မြင်သံကြားဖန်သားပြင်ပေါ်မှာ ဒီလောက်တောက်ပအောင် လွှမ်းမိုးနိုင်ကြတာပါ။ သူက အဲဒီလို လုပ်နိုင်ခဲ့တယ်" လို့ပြောခဲ့ဖူးပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ထရမ့် ရှုံးနိမ့်ပြီးနောက် ဟာ့ပ်ဟာ ရှေးရိုးစွဲဝါဒီမီဒီယာ One America News Network (OAN) မှာ အစီအစဉ်တင်ဆက်သူအဖြစ် အလုပ်ရခဲ့ပါတယ်။
အဲဒီမှာ သူဟာ ထရမ့်ကို အလွန်အကျွံထောက်ခံပြီး ကာကွယ်ပြောဆိုသူအဖြစ် လူသိများလာသလို၊ ၂၀၂၀ ရွေးကောက်ပွဲမှာ ထရမ့် အနိုင်ရခဲ့တယ်ဆိုတဲ့ မမှန်ကန်တဲ့ ပြောဆိုချက်တွေကိုလည်း ဖြန့်ဝေခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ အိုအေအန် ကနေ ထွက်ပြီး ထရမ့်ရဲ့ နောက်ထပ် သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအဖွဲ့ထဲ ဝင်ခဲ့ပါတယ်။
ဟာ့ပ်အပေါ် ထရမ့်ရဲ့ သဘောထားနဲ့ပတ်သက်တဲ့ သတင်းအများစုဟာ မက်ဂီ ဟာဘာမန်၊ ဂျိုနသန် ဆွမ် နဲ့ မိုက်ကယ် ဝုဖ် တို့လို သတင်းထောက်တွေရေးသားတဲ့ စာအုပ်တွေထဲက အမည်မဖော်ပြထားတဲ့ တဆင့်သတင်းရင်းမြစ်တွေကနေ ထွက်ပေါ်လာတာဖြစ်ပြီး ဟာ့ပ်ရဲ့ ကိုယ်ရေးကိုယ်တာဘဝအကြောင်းကိုတော့ လူသိရှင်ကြား သိထားတာ အလွန်နည်းပါတယ်။
သူ့ ရဲ့ အစ်ကို ပရက်စတန် ဟာ့ပ်က စီအန်အန် နဲ့ အင်တာဗျူးမှာ "ထရမ့်ဟာ ကျွန်တော်တို့အမေက လေးစားသင့်တယ်လို့ သင်ပေးခဲ့တဲ့ အရာအားလုံးနဲ့ တူပါတယ်။ ဒါကြောင့် ဟာပ့် က ထရမ့်အပေါ် အခုလို လေးလေးစားစား သံယောဇဥ်ရှိနေတာ အဲဒါကြောင့်လို့ ထင်ပါတယ်" လို့ ပြောပါတယ်။
သူက ဟာ့ပ်ဟာ ငယ်စဉ်ကတည်းက အိမ်ဖြူတော်ကို အလွန်စိတ်ဝင်စားခဲ့ပြီး အီရတ်စစ်ပွဲကာလအတွင်း သမ္မတဟောင်း ဂျော့ချ် ဒဗလျူ ဘုရှ် အပါအဝင် အရင်သမ္မတတွေထံ စာတွေရေးပို့ခဲ့တယ်လို့လည်း ပြောပါတယ်။
အိမ်ဖြူတော်ကို ရောက်ရှိခွင့်ရတဲ့အချိန်မှာ "သူ့ရဲ့ အိပ်မက် နောက်ဆုံးတော့ အကောင်အထည်ပေါ်လာခဲ့တယ်" လို့ သူက စီအန်အန် ကို ပြောပါတယ်။ သူ့ညီမဟာ ထရမ့်ရဲ့ "အကြီးမားဆုံး ပရိသတ်" ဖြစ်တာကြောင့် ထရမ့်ကလည်း ဟာ့ပ် ကို သဘောကျတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
သူက ဆက်ပြီး"ဟာ့ပ်က ရုပ်လည်းချောတယ်၊ ကိုယ်ရည်ကိုယ်သွေးလည်း ကောင်းတယ်။ ထရမ့်က သူ့အသက်ကို ကယ်တင်ခဲ့တယ်လို့ သူက ယုံကြည်ထားပါတယ်။ ဒီလိုကျေးဇူးတရားမျိုးနဲ့ နေထိုင်နေတဲ့သူတစ်ယောက် ရှိနေတာက သူ့အတွက်လည်း ကောင်းမွန်တဲ့ခံစားချက် ဖြစ်စေမှာပါ"လို့ ပြောပါတယ်။
အိမ်ဖြူတော်မှာ ဟာ့ပ်ရဲ့ တရားဝင်ရာထူးအမည်က သမ္မတရဲ့ အမှုဆောင်လက်ထောက် ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဒီရာထူးဟာ အဆင့်နိမ့်ပိုင်း ရာထူးတစ်ခုဖြစ်ပြီး လုပ်ငန်းအစီအစဉ်တွေ စီမံပေးတာ၊ အချိန်ဇယားဆွဲတာ၊ စာအဝင်အထွက်နဲ့ အရေးမကြီးသလို ထင်ရပေမဲ့ အရေးပါတဲ့ အတွင်းရေးမှူးဆိုင်ရာ လုပ်ငန်းတွေကို တာဝန်ယူရတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဟာ့ပ်ဟာ ဒီရာထူးကို ပုံမှန်ထက် ပိုမိုသြဇာရှိတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ် ပြောင်းလဲပေးခဲ့တယ်လို့ ဆိုနိုင်ပြီး သူ့ ရဲ့ လူသိများမှုဟာ ထရမ့်ရဲ့ ပထမသမ္မတသက်တမ်းအတွင်း အလားတူရာထူးယူခဲ့တဲ့ မက်ဒလင်း ဝက်စတာဟောက်တ် တို့လို သူ့ရှေ့က လက်ထောက်တွေထက် သိသိသာသာ ပိုမြင့်ပါတယ်။
ဟာ့ပ်ရဲ့ သြဇာဘယ်လောက်ရှိလဲ
CNN သတင်းထောက် ခရစ္စတန် ဟုမ်းစ် က သမ္မတထရမ့်ကို ဂျွန် အော့ဆော့ဖ် ရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး မေးမြန်းခဲ့တဲ့နောက်မှာ အိမ်ဖြူတော်က သူတို့ရဲ့ တရားဝင် X အကောင့်ကနေ ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။
ဟုမ်းစ်ဟာ "အဆင့်အတန်းမရှိတဲ့ တိုက်ခိုက်မှု" လုပ်ခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
ဟုမ်းစ်ကို ရည်ညွှန်းပြီး နောက်ထပ်ပို့စ်တစ်ခုမှာတော့ "တစ်နေ့နေ့မှာ ခင်ဗျားရဲ့ကလေးတွေက ခင်ဗျားမေးခဲ့တဲ့ ဒီရွံရှာစရာကောင်းပြီး လူမဆန်တဲ့မေးခွန်းကို တွေ့လာကြပါလိမ့်မယ်။ ဒီလိုအကြင်နာကင်းပြီး ရန်လိုတဲ့မိဘတစ်ယောက် ရှိနေတာအတွက် သူတို့ ရွံရှာပြီး အရှက်ရကြပါလိမ့်မယ်"လို့ ရေးသားထားပါတယ်။
ထရမ့်ရဲ့ ဒုတိယသက်တမ်းအတွင်း နာတာလီ ဟာ့ပ် က ထရမ့်အနားမှာ အမြဲလိုလို ရှိနေပါတယ်။
အိမ်ဖြူတော်မှာ သတင်းယူနေတဲ့ သတင်းထောက်တွေဟာ ထရမ့်ရဲ့ ဘဲဥပုံရုံးခန်းအတွင်းမှာ သူ့အနား နည်းနည်းပဲခြား ရပ်နေတဲ့ ဟာ့ပ်ကို မကြာခဏတွေ့ရသလို၊ ထရမ့်ရဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာခရီးစဉ်အများအပြားမှာ အဲဖို့စ်ဝမ်း ပေါ် တက်လိုက်လာတာကိုလည်း တွေ့ရပါတယ်။
အိမ်ဖြူတော်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက "သူ(ဟာ့ပ်) က သမ္မတနဲ့ အမြဲရှိနေတယ်။ အမြဲတမ်းလိုလိုကို ရှိနေတာပါ"လို့ ပြောပါတယ်။
အိမ်ဖြူတော်အတွင်းက လူတွေ၊ သတင်းမီဒီယာသမားတွေကြားမှာတော့ သူ့ကို လူသားပရင်တာလို့ မကြာခဏ ခေါ်ကြပါတယ်။ အကြောင်းကတော့ ထရမ့်နှစ်သက်တဲ့ သတင်းဆောင်းပါးတွေနဲ့ ဆိုရှယ်မီဒီယာပို့စ်တွေကို ပုံနှိပ်စာရွက်အဖြစ် ထရမ့်ကိုပေးဖို့ သယ်ဆောင်ရလွယ်တဲ့ ပရင်တာတစ်လုံး ကိုင်ထားတဲ့ ဟာ့ပ်ကို မကြာခဏ တွေ့ရတာကြောင့် ဖြစ်ပါတယ်။
အိမ်ဖြူတော်ရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ရင်းနှီးတဲ့နောက်ထပ်သတင်းရင်းမြစ်တစ်ဦးရဲ့ ပြောကြားချက်အရ လက်တွေ့မှာတော့ ဒီအခြေအနေကြောင့် ထရမ့် လက်ခံရရှိမယ့် သတင်းအချက်အလက်နဲ့ နောက်ဆုံးအခြေအနေတွေကို ဟာ့ပ်က ပုံမှန်ထက် ပိုထိန်းချုပ်နိုင်တဲ့ အခွင့်အရေး ရှိနေပါတယ်။
အမည်မဖော်လိုတဲ့ တခြားသတင်းရင်းမြစ်တွေကလည်း အမေရိကန်မီဒီယာတွေကို ဟာ့ပ်ကို "တံခါးမှူး" တို့ "စိတ်ချရတဲ့သူ" လို့ ပြောပါတယ်။
ဟာ့ပ်ဟာ ထရမ့်ရဲ့ ဆိုရှယ်မီဒီယာရေးသားပေးသူတစ်ဦးလိုလည်း တာဝန်ယူနေပြီး ထရမ့်ကိုယ်စား သူ့ရဲ့ Truth Social အကောင့်မှာ ပို့စ်တွေ ရေးတင်ပေးပါတယ်။
အော့ဆော့ဖ်ရဲ့ ပြောဆိုချက်တွေနောက်ပိုင်း ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံတစ်ပုံမှာတော့ ၂၀၂၄ ခုနှစ်က ကမလာ ဟဲရစ် ရဲ့ မိန့်ခွန်းတစ်ခုကို ထရမ့်ကြည့်ရှုနေချိန် ထရမ့်ပြောသမျှကို ထရမ့်ရဲ့ ကိုယ်ပိုင်ရေးဟန်အတိုင်း ဟာ့ပ်က စာရိုက်ပေးနေတဲ့ပုံကို တွေ့ရပါတယ်။
ဟာ့ပ်အပေါ် အခုလို အာရုံစိုက်မှုတွေ မြင့်တက်လာတဲ့အချိန်မှာ အိမ်ဖြူတော်က သူ့ကို "ယုံကြည်အားထားရပြီး တန်ဖိုးထားရတဲ့" အဖွဲ့ဝင်တစ်ဦးအဖြစ် ဖော်ပြထားပါတယ်။ ဒါပေမဲ့ ထရမ့်ကတော့ သူ့အကြောင်းကို ကင်မရာရှေ့မှာ ထုတ်ဖော်ပြောဆိုတာ ရှားပါတယ်။
တူရကီနိုင်ငံကနေ ထွက်ခွာပြီး အမေရိကန်ကို ပြန်လာတဲ့အချိန်မှာ အီရန်ဘက်က ခြိမ်းခြောက်မှုတစ်ခု ရှိနေကြောင်း သတင်းအချက်အလက်ရရှိခဲ့တယ်လို့ ယူဆရပြီးနောက် ထရမ့် စီးနင်းထွက်ခွာခဲ့တဲ့ လျှို့ဝှက်လေယာဉ်ပေါ်မှာ ဟာ့ပ်လည်း ပါဝင်ခဲ့တယ် ဆိုတဲ့ သတင်းကို အော့ဆော့ဖ်အပါအဝင် ထရမ့်ကို ဝေဖန်သူအများအပြားက ထောက်ပြခဲ့ကြပါတယ်။
ထရမ့်ရဲ့ သမ္မတသက်တမ်းတွေအကြောင်း အကျယ်တဝင့် သတင်းယူရေးသားခဲ့တဲ့ မက်ဂီ ဟာဘာမန် ကို သတင်းကွန်ရက် MSNOW မှာ ပါဝင်ခဲ့ချိန် "ထရမ့်က ဘာကြောင့် ဟာ့ပ်ကို လျှို့ဝှက်လေယာဉ်ပေါ်မှာ ခေါ်သွားတာလဲ" လို့ မေးမြန်းခဲ့ပါတယ်။
ဟာဘာမန်က " ဟာပ့် က ထရမ့်အတွက် တစ်နည်းပြောရရင် 'binky' လိုပါပဲ။ ပြောရရင် ထရမ့်ကို စိတ်သက်သာရာရစေတဲ့ အနီးကပ်အဖော်တစ်ယောက်ပေါ့"လို့ ဖြေကြားခဲ့ပါတယ်။
မက်ဂီ ဟာဘာမန်နဲ့ ဂျိုနသန် ဆွမ် တို့က ၂၀၂၄ ခုနှစ်မှာ The New York Times အတွက် ရေးသားခဲ့တဲ့ သတင်းမှာတော့ ဟာ့ပ်က ထရမ့်ဆီကို ပေးပို့တဲ့စာတစ်စောင်မှာ " သမ္မတကြီးက ကျွန်မအတွက် အရာအားလုံးထက် အရေးကြီးဆုံးပါပဲ"လို့ ရေးသားခဲ့တယ်ဆိုတဲ့ အကြောင်း ဖော်ပြထားပါတယ်။