ဟုမ္မလင်းမှာ စစ်တပ်နဲ့ SNAပူးပေါင်းစခန်းကို KIA သိမ်း, မိုးမိတ်မှာလည်း တိုက်ပွဲဆက်ပြင်းထန်
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ထဲက စစ်တပ်ရဲ့ တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်(KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်းတပ်က မနေ့အောက်တိုဘာ ၂၂ ရက် ညပိုင်းမှာ သိမ်းပိုက်ခဲ့တယ်လို့ မြေပြင်အခြေအနေသိတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
တောင်ဦးကျေးရွာမှာရှိတဲ့ အင်အားဆယ်ချီရှိတဲ့ စစ်တပ်နဲ့ ရှမ်းနီတပ်(SNA) ပူးပေါင်းခြေကုပ်ယူထားတဲ့ စခန်းကိုသိမ်းခဲ့တာလို့ သူကဆိုပါတယ်။ဒီတပ်စခန်းကို မသိမ်းခင် ရွာအနီးတဝိုက်က စခန်းပတ်လည်က ကာကင်းစခန်းတချို့ကိုလည်း KIA/PDF တပ်တွေက သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။စခန်းသိမ်းတိုက်ပွဲပြီးတဲ့နောက် မြန်မာစစ်တပ်ရဲ့ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်ကနေ တက်လာတဲ့ တိုက်လေယာဉ်တချို့က တောင်ဦးကျေးရွာတဝိုက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။
အလားတူ ဟုမ္မလင်းနယ် တောင်ဦးကျေးရွာအနီးမှာလည်း စစ်တပ်နဲ့ KIAပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ သူက ဆိုပါတယ်။
ဟုမ္မလင်းမြို့ပေါ်ကို စစ်တပ်က ထိန်းချုပ်ထားပြီး မြို့နယ်ထဲမှာတော့ KIA/ PDF နဲ့ SNA တပ်တို့က အပိုင်းလိုက် ထိန်းချုပ်ထားကြတာဖြစ်ပါတယ်။
တစ်ဖက် စစ်တပ်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)က မိုးမိတ်မြို့နယ်ထဲမှာလည်း စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲဆက်ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
KIA ရဲ့ ပြန်ကြားရေးဌာနကလည်း မိုးမိတ်မှာ တိုက်ပွဲတွေပြန်ပြင်းထန်နေတာ တစ်လနီးပါးရှိပြီလို့အောက်တိုဘာ ၂၁ ရက်က သတင်းထုတ်ပြန်ထားပါတယ်။
မိုးမိတ်အရှေ့ဘက်နဲ့ မြောက်ဘက်ကျတဲ့ ၇ မိုင်၊ ၈ မိုင်၊ ၉ မိုင်ဒေသတွေမှာ KIA/ PDF တပ်တွေက ထိုးစစ်ဖော်နေပြီး စစ်တပ်ဘက်ကလည်း ဒီနေရာတွေကို အင်အားရာချီ ထပ်မံဖြည့်တင်းပြီး ခုခံတိုက်ခိုက်နေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
မိုးမိတ်မြို့ကို တအာင်းတပ် (TNLA) နဲ့ ပူးပေါင်းတပ်တွေက ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း ၂၀၂၄ ခုနှစ် ဇူလိုင်လကုန်ပိုင်းမှာ သိမ်းပိုက်ခဲ့ပြီး တစ်နှစ်ခွဲနီးပါး ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်ရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ TNLA နဲ့ စစ်တပ်တို့ အပစ်အခတ်ရပ်စဲရေး သဘောတူပြီးနောက် TNLA က မိုးမိတ်အပြင် မန္တလေးတိုင်းထဲက မိုးကုတ်မြို့ကိုပါ စစ်တပ်ထံ ပြန်လွှဲပေးခဲ့ပါတယ်။
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ မိုးမိတ်ဟာ KIA ထိန်းချုပ်ထားတဲ့ မဘိမ်းမြို့နဲ့ နယ်မြေချင်းဆက်စပ်နေသလို မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဆုံတဲ့ မြို့ဖြစ်တာကြောင့် စစ်ရေးအရ အရေးပါတဲ့နေရာလို့ အစောပိုင်းကတည်းက ပြောထားပါတယ်။