အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲ သိသင့်တဲ့ ၇ ချက်

- ရေးသားသူ, James FitzGerald
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၅
ဒေါ်နယ်ထရမ့်ရဲ့ကျန်နေသေးတဲ့သမ္မတသက်တမ်း၀က် လက်ကျန် ၂ နှစ်ကို သက်ရောက်မှု ကြီးနိုင်မယ့် အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲရောက်ဖို့ ရက်အနည်းငယ်သာ လိုပါတော့တယ်။
အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲ (midterms) ဆိုတာဘာလဲ
နိုဝင်ဘာလ ၃ ရက်မှာ အမေရိကန်ပြည်သူတွေဟာ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်နှစ်ရပ်နဲ့ဖွဲ့စည်းထားတဲ့ ကွန်ဂရက်လွှတ်တော်အတွက် အမတ်နေရာတွေကို မဲပေးရွေးချယ်ကြတော့မှာဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲတွေကို နှစ်နှစ် တစ်ကြိမ် ကျင်းပပြီး သမ္မတ သက်တမ်း ၄ နှစ်ရဲ့အလယ်မှာ ကျင်းပကြလို့ ကြားဖြတ်ရွေးကောက်ပွဲတွေလို့ ခေါ်ကြပါတယ်။
ကွန်ဂရက်လွှတ်တော်ရဲ့ အဓိကတာဝန်တစ်ခုကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အကျုံးဝင်တဲ့ ဖက်ဒရယ်ဥပဒေတွေကို ရေးဆွဲ အတည်ပြုဖို့ဖြစ်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲရလဒ်က ထရမ့်ရဲ့ရီပတ်ဘလီကန်တွေ ဒါမှမဟုတ် အတိုက်အခံ ဒီမိုကရက်တွေထဲက ဘယ်ပါတီက ကွန်ဂရက်ကို ထိန်းချုပ်တယ်ဆိုတာနဲ့ သမ္မတအတွက် သူ့အစီအစဉ်တွေကို ဘယ်လောက်လွယ်လွယ် အကောင်ထည်ဖော်နိုင်မလဲဆိုတာကို ဆုံးဖြတ်ပေးနိုင်မှာဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲရလဒ်တွေဟာ အမေရိကန်ပြည်သူတွေအနေနဲ့ သမ္မတရဲ့လုပ်ရည်ကိုင်ရည်ကို ဘယ်လောက်အထိ သဘောကျတယ်ဆိုတာကို တိုင်းတာမှု တစ်ခုအဖြစ်လည်း မြင်ကြပါတယ်။
ဘယ်သူ့ကို ရွေးချယ် မဲထည့်ကြမှာလဲ
အောက်လွှတ်တော်အမတ် ၄၃၅ ဦးစလုံးကို အမေရိကန်ပြည်သူ မဲဆန္ဒရှင်တွေ မဲပေးရွေးချယ်မှာဖြစ်ပါတယ်။ အောက်လွှတ်တော်အမတ်တွေဟာ နှစ်နှစ် တစ်ကြိမ် ပုံသေသက်တမ်း တာဝန်ထမ်းဆောင်ကြပါတယ်။ အောက်လွှတ်တော်ဟာ အဆိုပြုလာတဲ့ ဥပဒေမူကြမ်းတွေကို တင်သွင်းဆွေးနွေးတဲ့နေရာဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ အထက်လွှတ်တော် အမတ် နေရာ ၁၀၀ မှာ ၃၅ နေရာကိုလည်း ရွေးချယ်မှာ ဖြစ်ပါတယ်။ အထက်လွှတ်တော်အမတ်တွေဟာ ၆ နှစ်သက်တမ်းနဲ့ တာဝန်ထမ်းဆောင်ကြပါတယ်။ အခြားအလုပ်တွေဆိုရင်တော့ သူတို့ဟာ အောက်လွှတ်တော်ကနေ တက်လာတဲ့ အဆိုပြု ဥပဒေမူကြမ်းတွေကို အတည်ပြုတာ ဒါမှမဟုတ် ပိတ်ဆို့တာတွေကို ပြုလုပ်ကြပါတယ်။
အဲဒီတစ်နေ့တည်းမှာပဲ အမေရိကန်နိုင်ငံတ၀န်းက မဲဆန္ဒရှင်တွေဟာ ပြည်နယ်အဆင့် နိုင်ငံရေးသမားတွေကိုလည်း ရွေးချယ်ကြမှာဖြစ်ပါတယ်။ ကယ်လီဖိုးနီးယား၊ ဖလော်ရီဒါ၊ ဂျော်ဂျီယာနဲ့ မီချီဂန်ပြည်နယ်တို့မှာ ပြည်နယ်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွေကိုလည်း အနီးကပ်စောင့်ကြည့်အခံရဆုံးအဖြစ် ရှိနေမှာဖြစ်ပါတယ်။
အဓိကပြဿနာတွေက ဘာတွေလဲ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
လောင်စာဆီ၊ ကုန်စုံဆိုင်၊ အိမ်ရာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဈေးနှုန်းတွေနဲ့ ရုန်းကန်နေရတဲ့ မဲဆန္ဒရှင်တွေရဲ့ စိတ်ထဲမှာ အမေရိကန်စီးပွားရေးကိစ္စ ရှိနေပါတယ်။
ငွေကြေးဖောင်းပွမှုဟာ အမေရိကန် ဗဟိုဘဏ်က ရည်မှန်းထားတဲ့ အဆင့်ထက် ကျော်လွန်နေဆဲဖြစ်ပြီး အမေရိကန်နဲ့ အစ္စရေးတို့ ဖေဖော်ဝါရီလမှာ အီရန်နဲ့ စတင်ခဲ့တဲ့စစ်ပွဲနဲ့လည်း တစ်စိတ်တစ်ပိုင်း သက်ဆိုင်နေပါတယ်။
ဒီမိုကရက်တွေက ထရမ့်ရဲ့ကုန်သွယ်ရေးအခွန်ကောက်ခံမှုအစီအစဉ်ဟာ အမေရိကန်တွေအတွက် ဈေးနှုန်းတွေကိုလည်း မြင့်တက်စေခဲ့တယ်လို့ ၀ေဖန်ပါတယ်။
လူဝင်မှုကြီးကြပ်ရေးကလည်း နောက်ထပ်အဓိက ပြဿနာတစ်ခုပါ။ ထရမ့်ဟာ နယ်စပ်တွေကို တင်းကျပ်ပြီး တရားမဝင် လူဝင်မှုကြီးကြပ်ရေးကို ကျယ်ကျယ်ပြန့်ပြန့် (မကြာခဏ အငြင်းပွားဖွယ်ရာ) နှိမ်နင်းမှုတွေ စတင်ခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ သူပေးခဲ့တဲ့ အဓိကရွေးကောက်ပွဲကတိကဝတ်ကို ဖြည့်ဆည်းပေးခဲ့တယ်လို့ ရီပတ်ဘလီကန်တွေက ပြောပါတယ်။
မကြာသေးခင် သီတင်းပတ်တွေအတွင်း AI နဲ့ပတ်သက်တဲ့ စိုးရိမ်မှုတွေဟာ အရေးတကြီးဖြစ်လာခဲ့ပါတယ်။ ပါတီနှစ်ခုလုံးက အကြီးတန်းနိုင်ငံရေးသမားတွေက AI ကို ထိန်းညှိဖို့ လိုအပ်ကြောင်း သဘောတူညီခဲ့ကြပြီး နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို ထိန်းချုပ်ဖို့ ဥပဒေတွေ ပြဋ္ဌာန်းဖို့ အယူအဆကို ငြင်းပယ်ခဲ့တဲ့ ထရမ်နဲ့လည်း သဘောထား မတိုက်ဆိုင်ဖြစ်နေပါတယ်။
အဆုံးအဖြတ်က ဘာဖြစ်မှာလဲ
ကွန်ဂရက်လွှတ်တော်ဟာ သမ္မတနဲ့ တရားစီရင်ရေးတို့နဲ့အတူ မဏ္ဍိုင် ၃ ရပ်ထဲက တစ်ရပ်ဖြစ်ပါတယ်။ လွှတ်တော်ကို ထိန်းချုပ်နိုင်တာက ဥပဒေပြုရေးပုံဖော်ရာမှာ အရေးပါပါတယ်။
အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် နှစ်ခုစလုံးကို လက်ရှိမှာ ရီပတ်ဘလီကန်ပါတီက ထိန်းချုပ်ထားပါတယ်။ ဒါပေမဲ့ အမတ်အများစုနဲ့ထိန်းချုပ်ထားတယ်ဆိုတာမျိုးတော့ မဟုတ်ပြန်ပါဘူး။ အောက်လွှတ်တော်မှာ အမတ်နေရာ ၂၁၈ နေရာရထားပြီး ဒါဟာ အောက်လွှတ်တော်ကို ထိန်းချုပ်ဖို့ အနည်းဆုံးလိုအပ်တဲ့အရေအတွက်ဖြစ်ပါတယ်။ အဲဒီထဲမှာ သူတို့နဲ့အတူ မဲပေးမယ့် တစ်သီး ပုဂ္ဂလအမတ်တစ်ဦးတောင် ပါ၀င်နေပါသေးတယ်။
အထက်လွှတ်တော်မှာတော့ သူတို့ရဲ့နေရာ ၅၃ နေရာရှိပါတယ်။ ဒီမိုကရက်တွေက နေရာ ၅၁ နေရာရရှိမှသာ အထက်လွှတ်တော်ဟာ လက်ပြောင်းလက်လွှဲဖြစ်မည်ဖြစ်ပါတယ်။ နှစ်ဖက်စလုံးက နေရာ ၅၀ ရရှိမယ်ဆိုရင်တော့ တူညီသောမဲပေးမှုကို ကျော်လွှားနိုင်ဖို့ ဒုသမ္မတရဲ့မဲက အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။ သူက ရီပတ်ဘလီကန်ဖြစ်ပါတယ်။
အတိုက်အခံ ဒီမိုကရက်တွေဟာ အနည်းဆုံး လွှတ်တော်တစ်ရပ်ကို ပြန်လည်ထိန်းချုပ်နိုင်မယ်ဆိုရင် သူတို့ ပြဋ္ဌာန်းချင်တဲ့ဥပဒေတွေကို လွှတ်တော်ကို တင်သွင်းဖို့ အာဏာရ အားသာသွားမှာဖြစ်ပါတယ်။
ဘယ်သူ အနိုင်ရနိုင်မလဲ
မဲဆန္ဒရှင်တွေဟာ သမ္မတရဲ့ပါတီကို "ဒဏ်ခတ်"တဲ့အနေနဲ့ တဖက်ပါတီကို မဲပေးလိုက်တာမျိုး အတိတ်မှာ ရှိခဲ့ဖူးပါတယ်။
မကြာသေးခင်တုန်းက အမြင်သဘောထားစစ်တမ်းတွေအရ သမ္မတကို ထောက်ခံမှုအဆင့်သတ်မှတ်ချက် နိမ့်ကျနေတာကို ပြသနေပါတယ်။ စစ်တမ်းကောက်ယူမှု ရင်းမြစ် အင်တာနက်စာမျက်နှာ Silver Bulletin အရ သူဟာ သမ္မတတာ၀န် ဒုတိယအကြိမ် တာ၀န်ထမ်းတာကို ထောက်ခံမှု ၅၀% ကျော်နဲ့ စတင်ခဲ့ပေမဲ့ အောက်တိုဘာလအစောပိုင်းမှာ ၃၇% ခန့်အထိ ကျသွားပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့ကို မကြိုကြောင်းဖြေသူ ၆၁% ရှိနေပါတယ်။
ဒါပေမဲ့ လွှတ်တော်တစ်ခုချင်းစီက အမတ်နေရာအားလုံးက ယှဉ်ပြိုင်နိုင်တာမျိုး မဟုတ်ပါဘူး။ တချို့နေရာတွေက ရီပတ်ဘလီကန်တွေ ဒါမှမဟုတ် ဒီမိုကရက်တွေအတွက် ရွေးကောက်ပွဲကို ဘေးကင်းကင်းနဲ့ အကြိတ်အနယ် ပြိုင်ဆိုင်ရတာမျိုးမရှိဘဲ ကျော်ဖြတ်နိုင်တာမျိုးပါ။
ဘီဘီစီရဲ့အမေရိကန်မိတ်ဖက်သတင်းဌာန စီဘီအက်စ်က အိုင်အိုဝါနဲ့ နယူးဟမ်းရှိုင်းယားလို ပြည်နယ်တွေမှာ စောင့်ကြည့်ရမယ့်အထက်လွှတ်တော်ရွေးကောက်ပွဲ ဆယ်ခုနဲ့ အရီဇိုးနားနဲ့ အိုဟိုင်းယိုးလို ပြည်နယ်တွေမှာ အောက်လွှတ်တော်ရွေးကောက်ပွဲ ၄၂ ခုကို ဖော်ထုတ်ခဲ့ပါတယ်။
အောက်လွှတ်တော်မှာ မဲဆန္ဒနယ်တွေ ခွဲဝေပေးပုံနဲ့ပတ်သက်ပြီး ပါတီနှစ်ခုကြား အငြင်းပွားမှုကြောင့် ယခုနှစ်မှာ မဲပေးမှုဟာ ပိုမိုခန့်မှန်းရခက်နေပါတယ်။
ရီပတ်ဘလီကန်တွေဟာ ပြည်နယ်အချို့မှာ ပိုမိုအဆင်ပြေတဲ့ ရွေးကောက်ပွဲမြေပုံတွေ ဖန်တီးလိုက်ခြင်းဖြင့် အားသာချက်ရရှိရန် ကြိုးစားခဲ့ကြပြီး ဒီမိုကရက်တွေကလည်း နောက်က ထပ်ချပ်မကွာလိုက်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီကြားဖြတ်ရွေးကောက်ပွဲ ထရမ့်အတွက် ဘယ်လိုသဘောဆောင်လဲ
ဒီမိုကရက်တွေက အောက်လွှတ်တော် ဒါမှမဟုတ် အထက်လွှတ်တော်မှာ အနိုင်ရရင် ထရမ့်အနေနဲ့ ကွန်ဂရက်လွှတ်တော်ကနေ ဥပဒေတွေ ပြဋ္ဌာန်းဖို့ ခက်ခဲသွားလိမ့်မယ်။
ဒါကြောင့် ထရမ့်ဟာ ပိုကျယ်ပြန့်တဲ့ပါတီမပါဘဲ အာဏာကျင့်သုံးဖို့ နည်းလမ်းတွေကို ရှာတွေ့ခဲ့ပေမယ့် သူ့ရဲ့ပြည်တွင်းရေးအစီအစဉ်တွေက ပျက်ပြားသွားနိုင်ပါတယ်။
လွှတ်တော်နှစ်ရပ်စလုံးကို ဒီမိုကရက်တစ်ပါတီက ထိန်းချုပ်ထားတာဟာ ထရမ့်ရဲ့ သမ္မတသက်တမ်း ရှုထောင့်တွေကို စုံစမ်းစစ်ဆေးဖို့ ကော်မတီတွေကို အသုံးပြုနိုင်တာကိုလည်း ဆိုလိုပါတယ်။ အဂတိလိုက်စားမှုစွပ်စွဲချက်တွေ၊ အိမ်ဖြူတော်ရဲ့ ခန်းမအသစ်နဲ့ ICE နည်းဗျူဟာတွေကို စုံစမ်းခံရနိုင်ပါတယ်။
ထရမ့်ကို စွပ်စွဲပြစ်တင်ဖို့ ရှိ၊ မရှိနဲ့ပတ်သက်ပြီး ဒီမိုကရက်တစ်ပါတီအတွင်းမှာလည်း အငြင်းအခုံ ရှိနေကြပါတယ်။ ဆိုလိုတာက ရာဇဝတ်မှုဆိုင်ရာမဟုတ်ဘဲ နိုင်ငံရေးဆိုင်ရာ ရုံးတင်စစ်ဆေးမှုအတွက် အခြေခံဖြစ်လာမယ့် ကွန်ဂရက်တွင် စွဲချက်တွေ တင်ဖို့ဖြစ်ပါတယ်။
ရီပတ်ဘလီကန်ပါတီဟာ ကွန်ဂရက်လွှတ်တော်ကို ဆက်လက်ထိန်းချုပ်ထားနိုင်ဦးမယ်ဆိုရင်တော့ ထရမ့်ဟာ သူ့ရဲ့ ရာထူးသက်တမ်း ကျန်ရှိချိန်တစ်လျှောက်လုံး သူ့အစီအစဉ်တွေကို ဆက်လက်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
၂၀၂၈ ရွေးကောက်ပွဲအတွက် ဘယ်လိုသဘောဆောင်မလဲ
ကြားဖြတ်ရွေးကောက်ပွဲတွေမှာ သမ္မတရဲ့အမည် မဲစာရင်းတွေမှာ ပါ၀င်လေ့မရှိပါဘူး။ ဒါပေမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ သူ့လုပ်ဆောင်ချက်တွေကို ထောက်ခံကြောင်းပြသတဲ့အနေနဲ့ ရွေးကောက်ပွဲမှာ သူပါတယ်လို့ မှတ်ယူပြီး ရီပတ်ဘလီကန်တွေအမတ်တွေကို မဲထည့်ကြဖို့ တိုက်တွန်းနေပါတယ်။
မဲရလဒ်တွေ ဘယ်လိုပဲ ထွက်လာပါစေ၊ ထရမ့်ရဲ့ ဦးဆောင်မှုအောက်မှာ မဲဆန္ဒရှင်တွေ ဘယ်လိုခံစားရလဲဆိုတာကို ဆွေးနွေးငြင်းခုံဖို့ အဲဒီရလဒ်တွေကိုပဲ အကဲခတ်တွေက အခြေတည်ပြီး ၀ေဖန်သုံးသပ်ကြနိုင်ခြေရှိပါတယ်။
ထရမ့်ဟာ သမ္မတအဖြစ် နောက်တစ်ကြိမ် ပြန်၀င်ပြိုင်လို့မရတော့ပါဘူး။ ကြားဖြတ်ရွေးကောက်ပွဲအပြီးမှာတော့ ၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် သူ့နေရာမှာ ရီပတ်ဘလီကန် သမ္မတလောင်းအဖြစ် ဘယ်သူ့ကို ထားမယ်၊ ဘယ်သူက ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းကို ယှဉ်ပြိုင်မယ်ဆိုတာတွေအတွက် ထင်ကြေးတွေ စတင်ပေါ်ပေါက်လာမယ်လို့ မျှော်လင့်ပါတယ်။
Deirdre Finnerty လည်း ပါ၀င်ရေးသားပါတယ်။


























